Monday, June 25, 2012

 ရှမ်းပြည်နယ်၌ လူသတ်၍ ပစ္စည်းများ ယူဆောင်သွားသူကို မကွေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တွင် လူသတ်၍ ပစ္စည်းများ ယူဆောင်သွားသူကို မကွေးတိုင်းဒေသကြီး၌ ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရှမ်းရိုးမ မွေးမြူရေးဇုန်အတွင်းရှိ ကြက်ခြံတစ်ခု၏ ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဝင်းမှာ အိပ်ရာပေါ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း
သတင်းရရှိသဖြင့် ညောင်ရွှေရဲစခန်းမှ တာဝန်ရှိသူများသည် အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူ ဦးထွန်းထွန်းဝင်းမှာ မေးစေ့အောက်လည်ပင်းနှင့် ဘယ်ဘက်ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာ၊ ဘယ်ဘက်ဂျိုစောင်း၊ နဖူးတို့တွင် ဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက်လက်သန်း၊ ဘယ်လက်ဖျံ၊ ဘယ်ဘက် တစ်တောင်ဆစ်တို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေပြီး(GSM) အ မျိုးအစား ဖုန်းအမှတ်(၀၉၄၂......) ဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ လက်တော့ပ် ကွန်ပျူတာတစ်လုံးတို့ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူများသည် သေဆုံးမှုအား စတင်တွေ့ရှိသူ သေဆုံးသူ ဦးထွန်းထွန်းဝင်း၏ အလုပ်သမားတစ်ဦးဖြစ်သူ မအေးအေးဝင်းအား မေးမြန်းရာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ည ၇ နာရီခန့်က မိမိတို့ကြက်ခြံအနီးရှိ ကြက်ခြံတစ်ခုတွင် တည်းခိုနေထိုင်သော ကြက်ချေးပွဲစား ဦး...... ရောက်ရှိလာကြောင်း၊ ထို့နောက် ပိုင်ရှင် ဦးထွန်းထွန်းဝင်းနှင့် မိမိအပါအ၀င် အခြားအလုပ်သမားနှစ်ဦးတို့ အတူဗီဒီယို ကြည့်ခဲ့ကြကြောင်း၊ ည ၉ နာရီခန့်တွင် မိမိနှင့် ကျန်အလုပ်သမားနှစ်ဦးမှာ နေအိမ်များသို့ ပြန်ခဲ့ကြပြီး ဦးထွန်း ထွန်းဝင်းနှင့် ကြက်ချေးပွဲစားဦး..... တို့ ကျန်ခဲ့ကြောင်း ပြောကြားခဲ့သဖြင့် ဦး.....အား မေးမြန်းရန်အတွက် ၄င်းတည်းခိုရာ ကြက်ခြံသွားရောက်စုံစမ်းရာ ဇွန်လ ၁၉ ရက်နေ့ကပင် ပြန်သွားကြောင်း သိရှိရသည်။
အဆိုပါ ကြက်ချေးပွဲစား ဦး. ..... မှာ မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရ၍ မကွေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ ကြက်ချေးပွဲစား ဦး........အား ယူဆောင်သွားသော ပစ္စည်းများနှင့် ဇွန်လ ၂၀ ရက်နေ့ ည နေ ၄ နာရီတွင် ဖမ်းဆီးရမိခဲ့သဖြင့် ညောင်ရွှေရဲစခန်းက(ပ)၆၈/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/ ၃၉၂တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။