Monday, June 25, 2012

မန်းတက္ကသိုလ်များ အထက်မြန်မာပြည်ဆရာ/ဆရာမများသမဂ္ဂဖွဲ့စည်းရန် ပြင်ဆင်

မန္တလေးတက္ကသိုလ်အား အခြေခံ၍ အထက်မြန်မာပြည်ဆရာ/ဆရာမများသမဂ္ဂအဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းရန် မဟာအောင်မြေမြို့နယ် ၊ စီးတော်မြင်းဝင်ကျောင်းတိုက်တွင် ယာယီအလုပ်အမှုဆောင်အဖွဲ့အား စတင်ဖွဲ့စည်း ခဲ့သည်။
 
 
 
အဆိုပါ တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂမှာ နိုင်ငံတော်မှ အသိအမှတ်ပြုမည့် လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းမည်ဖြစ်ပြီး ပညာရေးပိုင်းကိုသာ ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။
 
 
မြန်မာလူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ကောင်းကျိုးနှင့်တိုးတက်မှုအတွက် နောက်ခံပြုသောတက္ကသိုလ် ပညာရေး အဖွဲ့တစ် ခုပေါ်ပေါက် ရန်နှင့်ပညာပြည့်ဝသည့် နိုင်ငံသားကောင်းများမွေးထုတ်ပေးနိုင်ရန် စသည့်အချက်များ အပါအ၀င် ရည်ရွယ်ချက်(၉)ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်းကိုလည်း သိရသည်။
 
 
‘ယုံကြည်အားကိုးထိုက်တဲ့ ဆရာအဖွဲ့အစည်းမျိုးပေါ့၊အဲဒီလိုအဖွဲ့အစည်း မျိုးဖြစ်လာဖို့ကို ကျမတို့ဆရာတွေမှာ တာဝန်အရှိဆုံးလို့ ခံစားရတယ်’’ဟု မန္တလေးတက္ကသိုလ်ဆရာဆရာမများ သမဂ္ဂဖွဲ့စည်းရေးသို့ တက်ရောက်လာသည့် ဆရာမတစ်ဦးက ပြောကြားသည်။
 
 
နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေနှင့်အညီသာဖွဲ့စည်းသွားမည်ဖြစ်ပြီး အခြားသော တက္ကသိုလ်များတွင် ဖွဲ့စည်းပြီးပါက အထက်မြန်မာပြည်သမဂ္ဂတစ်ရပ်အနေဖြင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။ ယာယီအလုပ် အမှုဆောင်အဖွဲ့အား မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ၊ ၇၃လမ်း၊ မန္တလေးတက္ကသိုလ်အနီးရှိ စီးတော်ဝင်မြင်းကျောင်းတိုက်တွင် ဇွန်လ(၂၄)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
 


“မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း ၊မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းတွေဆိုပြီးတော့ရှိတယ် ၊၀မ်းနည်းစရာကောင်းတာက   သူတို့တစ်တွေကို မွေးထုတ်ပေးလိုက်တာက တက္ကသိုလ်ဆရာ ဆရာမတွေပဲ ၊ အဲဒီ ဆရာဆရာမတွေမှာ အသင်းမရှိဘူးဆိုတာ ဒါ..အင်မတန် ၀မ်းနည်းစရာကောင်းပါတယ်’’ဟု မန္တလေး တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။
 


တက္ကသိုလ်ဆရာဆရာမများသမဂ္ဂအဖွဲ့အစည်းဖြစ်မြောက်ရေးအတွက် ယာယီအလုပ်အမှုဆောင်(၁၂)ဦးနှင့်   နာယက (၄)ဦးပါဝင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ဦးသက်လွင် (တွဲဖက်ပါမောက္ခ - စိတ်ပညာ ) ၊ ဒုဥက္ကဌ(၁) အဖြစ် ဒေါက်တာတင်နွဲ့ရီ (နိုင်ငံခြားဘာသာတက္ကသလိုလ် ) ၊ ဒုဥက္ကဌ (၂)အဖြစ် ဒေါက်တာခင်နိုင်မြင့်(ပထ၀ီဌာန - မန္တလေးတက္ကသလိုလ်) နှင့် အတွင်းရေးမှုးအဖြစ်နိုင်ငံခြားဘာသာ တက္ကသလိုလ်မှ အင်္ဂလိပ်စာ ပါမောက္ခ ဦးသုတက တာဝန်ယူခဲ့ကြသည်။
 

“တက္ကသိုလ်ရယ်လို့ဖြစ်လာရင် စံထားနိုင်တဲ့ ဆရာဆရာမတွေအရေးကြီးတာပါ ၊နောက်ပြီး ကျွန်တော်တို့ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းမှာလဲ ဖွဲ့စည်းထားတဲ့လူတွေက တာဝန်ယူကြတာပါ ၊ တစ်နည်းအားဖြင့် ကျွန်တော်တို့က ပါဝါတစ်ခုယူတာမဟုတ်ပါဘူး ၊ ရာထူးနဲ့အညီ အမိန့်အခွင့်အာဏာတွေသုံးပြီး လုပ်ကိုင် ရတဲ့အဖွဲ့အစည်း လဲမဟုတ်ဘူး “ဟု ယာယီဥက္ကဌအဖြစ်တာဝန်ယူခဲ့သည့် ဦးသက်လွင်က မြစ်မခသို့ ပြောကြားခဲ့သည်။
 

တက္ကသိုလ်ဆရာဆရာမများသမဂ္ဂအဖွဲ့အစည်းဖြစ်မြောက်ရေး ယာယီကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ရတနာပုံ တက္ကသိုလ်မှဆရာဆရာမအချို့လည်း တက်ရောက်ခဲ့ကြပြီး ၎င်းတို့တက္ကသိုလ်များတွင်လည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။
 


တက္ကသိုလ်ဆရာ/ဆရာမများသမဂ္ဂအဖွဲ့အစည်းအား (၁၉၈၈)ခုနှစ်အရေးခင်းကာလအတွင်းက မန္တလေး တက္ကသိုလ်၌ပင် အထက်ဗမာပြည်တက္ကသိုလ်ဆရာဆရာမများသမဂ္ဂဟူ၍ဖွဲ့စည်းခဲ့ဖူးကြောင်း သိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။