
မောင်တောမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိ ဒေသခံများအား ဇွန်လ ၂၂ ရက်နေ့က တွေ့ရစဉ်
အဆိုပါ နေရာချထားသူများမှာ မီးရှို့မခံရသည့်ရွာမှ လူများကို ပထမဦးစားပေး ပို့ဆောင်ခဲ့ခြင်းပြီး အဆိုပါကျေးရွာများမှာ ကံသာယာ၊ရွာသာ ယာ၊ ငွေတောင်၊ သာယာကုန်း၊ မကျည်းကုန်း၊ သစ်တောရွာ၊ ဝေသာလီ၊ ကိုင်းကြီး (နတလ)ကျေးရွာတို့ဖြစ်ကြောင်းလည်း သိရသည်။
ရွာကို မီးရှို့ခံရပြီး ထွက်ပြေးလာသူများကိုလည်း ကျန်ခဲ့သည့် ကျွဲ၊ နွားများကို ပြန်လည်ရှာဖွေ သိမ်းဆည်းရေးနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်မည့်သူများကို နေရပ်သို့ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ကာ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ရွာမီးရှို့ခံရသည့်သူများကို ပြန်လည်ပို့ဆောင်ရာတွင် အိမ်ထောင်စုလိုက်မဟုတ်ပဲ အိမ်ထောင်ဦးစီး အမျိုးသားများကိုသာ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
သရေကုန်းဘောင်ကျေးရွာသို့ ကျေးရွာသားအမျိုးသား ၂၇ ဦးနှင့် ကိုင်းကြီးကျေးရွာသို့ အမျိုးသား ၁၁ ဦးကို လယ်ယာသုံးပစ္စည်းများဖြစ်သော ပေါက်ပြားတစ်လက်၊ ”ဓါး တစ်လက်၊ မိုးကာ၊ အိုးခွက်ပန်းကန်နှင့် စားနပ်ရိကာများအပြင် ငွေသုံးသောင်း ကျပ် ထောက်ပံ့ပေးပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
''ကျွန်တော်တို့ရွာက တစ်ရွာလုံး မီးရှို့ခံရတော့ ပြန်ရင်ဘယ်မှာနေမှာလဲ၊ အခုပြန်ပို့တဲ့သူတွေက ရွာမှာ ကျန်ခဲ့တဲ့နွားတွေကို ပြန်ရှာဖို့နဲ့ လယ်လုပ်ဖို့ ပြန်လိုသူတွေကို ပို့တာပါ။ အများစုက ကယ်ဆယ်ရေးစခန်းတွေမှာပဲ ရှိနေပါသေးတယ်''ဟု သရေကုန်း ဘောင်ကျေးရွာသားတစ်ဦးက ပြောသည်။
ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသူများထဲမှ ရွာဖျက်မခံရသည့်သူများကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိတွင် ကယ်ဆယ်ရေးခန်းများတွင် လူနှစ်ထောင်ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ပေါ်နှင့် လေးမိုင်ရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်း ခုနစ်ခုရှိနေပြီး စုစုပေါင်း ၂၂၆၉ ဦး ကျန်ရှိသေးကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးစခန်းများတွင် ကျန်ရှိနေသူများမှာ တစ်ရွာလုံး မီးရှို့ခံရပြီး ရွာကိုစွန့်ခွာလာသူများဖြစ်ကြောင်း၊ ၎င်းတို့ကို ကျေးရွာများရှိ နေအိမ်များကို ဆောက်လုပ်ပြီးချိန်မှ ပြန်လည် နေရာချထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ကယ်ဆယ်ရေးစခန်းများဖြစ်သည့် လေးမိုင် ကယ်ဆယ်ရေးစခန်းတွင် ၁၁၀၀ ဦး၊ လ၀က၀င်းအတွင်းတွင် ၂၆ ဦး၊ သစ်တောရိပ်သာတွင် ၂၃ ဦး၊ ဗဟိုကျောင်းတွင် ၃၅၂ ဦး၊ အလိုတော်ပြည့် ပရဟိတတွင် ၁၁၆ ဦး၊ အ.မ.က (၁)တွင်၇၄ ဦး၊အ.မ.က (၃) တွင်၂၀၃ ဦးတို့ဖြစ်ကြောင်း လ၀ကမှ ကောက်ယူသော စာရင်းများအရ သိရသည်။
ယင်းအပြင် မောင်တောမြို့နယ်တောင်ပိုင်း ကယ်ဆယ်ရေးစခန်းများဖြစ်သော မြင်းလွတ်တွင် ၂၀၀ ဦး၊ အင်းဒင်တွင် ၃၀၀ ဦး၊ ကျောက်ပန်းတူတွင် ၂၂၅ ဦးတို့ရှိနေကြောင်း သိရသည်။
ဘူးသီးတောင်မြို့ပေါ် ကယ်ဆယ်ရေးစခန်းများမှ လူများကိုလည်း ပြန်လည် နေရာချထားပေးလျက်ရှိရာ လက်ရှိတွင် အလက(၁)ကျောင်းတွင် လူဦးရေ ၅၈ ဦး ကျန်ရှိနေသေးကြောင်းနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် စည်တောင်တွင် ၄၀၀ ဦး၊နွားရုံတောင်တွင် ၁၆၈ ဦးနှင့် ဖရုံချောင်းကျေးရွာတွင် ၄၀ ဦးကျော်တို့ကို စားနပ်ရိက္ခာများ ထောက်ပံ့နေရကြောင်း ကူညီမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။