Monday, June 25, 2012

 ဘီလူးကျွန်းဒေသ မြန်မာ့လက်မှုလုပ်ငန်းများ ကုန်ကြမ်းရှားပါးလာမှုနှင့် ဈေးကွက်အနေအထားအရ ပဲခူးတိုင်းဒေသကြီးအတွင်း ရွှေ့ပြောင်းလုပ်ကိုင်လျက် ရှိနေ

နိုင်ငံခြားသား ကမ္ဘာ့လှည့်ဧည့်သည်များအား ဆွဲဆောင်မှုတစ်ရပ်အဖြစ် တည်ရှိသော ဘီလူးကျွန်းဒေသထွက် မြန်မာ့လက်မှုလုပ်ငန်းများမှာ ကုန်ကြမ်းရှားပါးလာမှုနှင့် ဈေးကွက်အနေအထားအရ ပဲခူးတိုင်းဒေသကြီး ဈေးကွက်အတွင်းသို့ ရွှေ့ပြောင်းလုပ် ကိုင်မှုများ များပြားလျက်ရှိနေကြောင်း သတင်းရရှိသည်။

''ဘီလူးကျွန်းဒေသ ရွာလွတ်ကျေးရွာမှာ ကမ္ဘာကျော် ဆေးတံ၊ တောင်ဝှေး၊ တုတ်ကောက်လုပ်ငန်း၊ စက်ဘီးတာယာ၊ သရေကွင်း၊ ရော်ဘာပူပေါင်းစတဲ့ လုပ်ငန်းတွေ တည်ရှိပြီး မုဒွန်းကျေးရွာမှာ သင်ပုန်းယဉ်ကျေးမှု အစပြုတဲ့ ကျောက်တံ၊ ကျောက်သင်ပုန်း ထုတ်လုပ်တဲ့လုပ်ငန်းတွေ တည်ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ပွင့်လင်းကာလမှာ သံလွင်မြစ်ကိုဖြတ်ပြီးကမ္ဘာလှည့်ခရီးသည်တွေက တကူးတက လာရောက်လေ့လာမှုရှိသလို ဆွဲဆောင်မှုတစ်ရပ်အနေနဲ့လည်း ရပ်တည်မှုရှိနေပေမယ့် ကုန်ကြမ်း ရှားပါးလာတာရယ်၊ ဈေးကွက်အနေအထား ပြောင်းလဲမှုတွေရယ် ပေါင်းစပ်ပြီး ပဲခူးဘက်ကို ရွှေ့ပြောင်းလုပ်ကိုင်လာကြတာဖြစ်ပါတယ်''ဟု ရွာလွတ်ကျေးရွာမှ လက်မှုလုပ်ငန်းပညာရှင်တစ်ဦးက ဆိုပါသည်။
ဘီလူးကျွန်းဒေသ ရွာလွတ်ကျေးရွာ လက်မှုလုပ်ငန်းဖြစ်သည့် ဆေးတံ၊တုတ်ကောက်၊ တောင်ဝှေး၊ စာရေးဘောလ်ပင်၊ လူ့အသုံးအဆောင် ပစ္စည်းများကို ရင်ကပ်သား၊ ပိတောက်သား စသည့် ကုန်ကြမ်းများဖြင့် ပြုလုပ်ရယူကြပြီး ယခုအခါကုန်ကြမ်းများ ရှားပါးလာခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဘက်မှလာရောက် ပညာယူသင်ကြားကြသူများအနေဖြင့်  မိမိတတ်မြောက်သော လက်မှုပညာရပ်ကို ပဲခူးမြို့သို့သယ်ဆောင်ကာ အသက်မွေးလုပ်ကိုင်မှုရှိနေခြင်းကြောင့် ယခုအခါ ဘီလူးကျွန်းဒေသတွင် လက်မှုလုပ်ငန်း လုပ်ကိုင်သူဦးရေ နည်းပါးလာခဲ့ကြောင်း သိရှိရသည်။
''ရွာလွတ်ကျေးရွာမှာဆိုရင် လက်မှုလုပ်ငန်းနဲ့ အသက်မွေး လုပ်ကိုင်သူ လေး၊ ငါး၊ ဆယ်ဦးတောင် မပြည့်တော့ပါဘူး။ လည်ပတ်လေ့လာလိုတဲ့ နိုင်ငံခြားဧည့်သည်တွေလည်း အတော်လေးနည်းပါးလာခဲ့တာ တွေ့ရပါတယ်။ ကျွန်းဒေသဆိုတာ လက်မှုလုပ်ငန်းတွေနဲ့ ကမ္ဘာ ကျော်ခဲ့သလို နိုင်ငံခြားဧည့်သည်တွေကို ဆွဲဆောင်မှုအဖြစ် ရေရှည်ရပ်တည် နေသင့်ပါတယ်''ဟု ဒေသခံ ၀ါရင့်ဧည့်လမ်းညွှန်တစ်ဦးက သုံးသပ်ခဲ့သည်။     

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။