Monday, June 25, 2012

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြ၀တီမြို့တွင် ပေ ၁၀၀ ကျော်အရှည်ရှိ ညောင်ပင်ကြီး ပြိုလဲရာ အိမ်ငါးလုံး ပိမိပြီး လေးဦးဒဏ်ရာရခဲ့


မြ၀တီ၊ အမှတ်(၅)ရပ်ကွက်မြို့ ရိုးပေါ်တွင် နှစ်ပေါင်းတစ်ရာချီရှိနေသော ပင်စည်ပေ ၁၀၀ ကျော်ရှိ ညောင်ပင်ကြီးတစ်ပင်သည် ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြစ်ကျွတ် လဲပြိုကျသွားခဲ့ကြောင်း သိရသည်။
 
မြို့ရိုးပေါ်ရှိ နှစ်ချို့သစ်ပင်ကြီး လဲသွားခြင်းကြောင့် အမှတ်(၅)ရပ်ကွက်၊ မြိတ်လမ်းနှင့် ငွေတိုးလမ်းရှိ လူနေအိမ်ငါးလုံး ပိပြားပျက်စီးသွားကာ လူလေးဦး ဒဏ်ရာရရှိခဲ့၍ မြ၀တီဆေးရုံသို့ အရေးပေါ် တင်ပို့လိုက်ရကြောင်း သိရသည်။
''ပြိုလဲသံကြီးကြောင့် ရပ်ကွက်က လူတွေ ပြေးထွက်လာကြပြီး အိမ်ထဲပါသွားသူတွေကို ဆေးရုံအမြန်ပို့လိုက်ကြပါတယ်။ အသက် ၃၆ နှစ်ရှိတဲ့ မမိမိခိုင်တစ်ယောက်သာ ညာပခုံး ဖူးရောင်ဒဏ်ရာရရှိပြီး စိုးရိမ်ရပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ညောင်ပင်ပိခြင်းခံရသည့် နေအိမ်များမှာ ဦးဝင်းညွှန့် ပိုင်ဆိုင်သော တစ်ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း တစ်လုံး၊ ဦးသိန်းနိုင်ပိုင်ဆိုင်သော နှစ်ထပ်သွပ်မိုး အုတ်ညှပ်နှင့် တစ်ထပ် သွပ်မိုးအုတ်ညှပ် နှစ်လုံး၊ ဒေါ်စန်းမြပိုင်ဆိုင်သော တစ်ထပ်အုတ်ညှပ် သွပ်မိုးတစ်လုံး၊ ဒေါ်နန်းလူ၏ တစ် ထပ်သွပ်မိုး၊ အုတ်ညှပ် နေအိမ်တစ်လုံးတို့ဖြစ်ကြကြောင်း သိရသည်။ ဒဏ်ရာရရှိသူများအနက် ဒေါ်မိမိခိုင်မှာ သတိမေ့ စိုးရိမ်ရသော်လည်း အခြားသောသူများမှာ ဒေါ်လှမြင့်(ဘယ်လက်ပြတ်ရှ ဒဏ်ရာ)ဦးဝင်းနိုင် (နားရွက်ပြတ်ရှဒဏ်ရာ)အသက် ၆၂ နှစ် အရွယ်ရှိ ဦးသိန်းဇံမှာ ဘယ်လက်ခုံ ဖူးရောင်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရသည်။  
အခင်းဖြစ်ပွားရာသို့ မြ၀တီခရိုင်မှ တာဝန်ရှိသူများ ချက်ချင်းလာရောက်ပြီး လိုအပ်သည်များ ဆောင်ရွက်ကာ နေအိမ်ပိသွားရာတွင် ပါဝင်ခဲ့သော မိသားစုများအား အမှတ်(၅)ရပ်ကွက်ဓမ္မာရုံတွင် ကျွေးမွေးစောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။