Thursday, May 24, 2012

ပေါင်းတည်မြို့တွင်လည်း လျှပ်စစ်မီးအရေး ဆန္ဒဖော်ထုတ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် မြို့ခံပြည်သူများက လျှပ်စစ်မီးရရှိရေး ဗုဒ္ဓဟူးနေ့ညတွင် ဖယောင်းတိုင်များ မီးထွန်းကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ပေါင်းတည်မြို့ခံ မနီနီမာက ပြောသည်။

“ညနေ ၇ နာရီကနေ ၉ နာရီအထိပေါ့။ လူ ၅၀၀ လောက်ပေါ့။ လူတိုင်းလူတိုင်း ဖယောင်းတိုင်မီး ထွန်းပြီးတော့ လျှပ်စစ်မီး ၂၄ နာရီ ရရှိဖို့အတွက် ဆန္ဒဖော်ထုတ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လမ်းလျှောက်ချီတက် ဆန္ဒပြတာမျိုး မဟုတ်ဘဲ ရန်ကုန်ပြည်လမ်းဘေးရှိ မြို့မဈေးကြီးတွင် မြို့ခံများ စုဝေးကာ ဖယောင်းတိုင်များ ထွန်းညှိ၍ ဟစ်အော်ခြင်းမရှိဘဲ ရပ်လျက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြို့ခံများ၏ အဓိက မကျေနပ်ချက်မှာ မီတာထိန်းသိမ်းစောင့်ရှောက်ခ ကျပ် ၁,၀၀၀ ကို မီးလာသည်ဖြစ်စေ၊ မလာသည်
ဖြစ်စေ ပေးဆောင်ရကြောင်းနှင့် တတိုင်းပြည်လုံး ခံစားနေရသည့် လျှပ်စစ်မီးပြဿနာကို ပေါင်းတည်မြို့ ပြည်သူများ လည်း ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

“လမ်းပိတ်ဆို့တာ မရှိဘဲနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် လူစုခွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားပါတယ်။ အလှည့်ကျ မီးကလည်း အပြည့်အဝ မရဘူး။ အရမ်း ဒုက္ခရောက်ပါတယ်။ မီးမလာဘူးဆိုရင်တော့ ဆက်ပြီးဆန္ဒပြသွားပါမယ်” ဟုလည်း ဆိုသည်။

အာဏာပိုင်အဖွဲ့အစည်းများက နှောက်ယှက်ဟန့်တားမှု မရှိဘဲ တာဝန်ကျ ယာဉ်ထိန်းရဲများကလည်း လမ်းရှင်းပေးခဲ့
ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။