Thursday, May 24, 2012

 မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်ဆုံး၌ ရပ်တည်နေသော စင်ကာပူနိုင်ငံက ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်မည်

AddThis Social Bookmark Button
PARKROYAL ဟိုတယ်အတွင်း နိုင်ငံခြားသားဧည့်သည်များကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်ဆုံး၌ ရပ်တည်နေသော စင်ကာပူနိုင်ငံက ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ၂၀၁၂ ခုနှစ် မေလ ဒုတိယပတ်က တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် များအရ သိရှိရသည်။

စင်ကာပူနိုင်ငံ International Enterprise (IE) Singapore Business Development Trip To Myanmar မှ Group Director Southeast Asia Group Mr.Tan Soon Kin ဦးဆောင်သော စီးပွားရေး လုပ်ငန်းရှင်အဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်လာ ရောက်သော စင်ကာပူစီးပွားရေး လုပ်ငန်းရှင်အဖွဲ့အား ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုများ ရှိလာကြောင်း အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် အရေးပါနေကာ လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်လျက်ရှိသော ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံ ၃၁ လုံးရှိကြောင်း၊ အခန်းအရေတွက် ၅၁၄၅ ခန်းရှိပြီး ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာ ၈၈၅ ဒသမ ၉၂ သန်းရှိကာ စီမံကိန်းငါးခုမှာ ဆောက်လုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ သန်းရှိနေပြီး စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားသည်။
ယင်းအနက် စင်ကာပူနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၉၇ ဒသမ ၇၅၆ သန်းဖြင့် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံ ၁၂ ခုတွင် မြှုပ်နှံထားသည်။ ထိုင်းနိုင်ငံသည် ဒုတိယအများဆုံးအဖြစ် ရှိနေပြီး အဆောက်အအုံ ၁၁ ခု၌ ရင်းနှီးမြှုပ်နှံထားမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၂၅၀ သန်းဖြစ်သည်ဟု သိရှိရသည်။

စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၊ မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်၊ ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ် စသည့် အဆောက်အအုံများ ပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားရာတွင် ဟိုတယ်နှင့် စီးပွားရေးအဆောက် အအုံကဏ္ဍသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး လက်ရှိတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ တိုးတက်မှု အလားအလာများကြောင့် အမေရိကန်အပါအ၀င် အခြားနိုင်ငံများရှိ ဟိုတယ် လုပ်ငန်းများကပါ ၀င်ရောက်ရင်းနှီးမြှုပ်နှံရန်လည်း လေ့လာမှုများရှိနေသည်။                    

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။