Thursday, May 24, 2012

နေပြည်တော် လူစည်ကားရာနေရာများသို့ ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲစေလို

နေပြည်တော်ရှိ လူစည်ကားရာနေရာများတွင်ခရီးသည်တင်ယာဉ်လိုင်းများတိုးချဲ့ပြေးဆွဲပေးစေလိုကြောင်းဒေသခံပြည်သူများ  ထံက သိရှိရသည်။

 
“ကျွန်မတို့ဘက်ဆိုရင် ဈေးနဲ့ ကားကြီးဝင်းလည်းရှိတယ်။ အဲဒါကို (ရာဇာဌာနီ)လမ်းမကြီးအပေါ် အထိသွား စီးနေရတာ အဆင်မပြေဘူး။ ကျွန်မတို့နေတာကလည်း လမ်းမကြီးနဲ့သိပ်မဝေးပါဘူး။ ဒါပေမယ့် ပေါင်းလောင်း ထဲကနေ ကားကြီးဝင်၊ အာဟာရသုခဈေး၊ ယုဇနဈေးတို့လည်း ရှိတယ်။ ဒီဘက်ကနေဖြတ်ပြီး ပြေးဆွဲပေးနိုင် ဖို့လည်း မျှော်လင့်ပါတယ်”ဟု ပျဉ်းမနား၊ ပေါင်းလောင်း (၁၄)လမ်းမှ ဒေါ်မနီက ပြောသည်။
 
ဒေသခံပြည်သူများအနေဖြင့် လူစည်ကားရာနေရာများဖြစ်သော ဒေသတွင်းရှိ ဈေးများ၊ ဆေးရုံ၊ ကျောင်းများ၊ အဝေးပြေးယာဉ်လိုင်း ၀င်များ၊ မီရထားဘူတာရုံများ၊ အစိုးရရုံးများသို့ နေပြည်တော်ရှိ မြို့နယ်၊ ရပ်ကွက်များမှ ခရီးသည်များ သည် အဆိုပါနေရာများသို့ သွားလာရာတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
 
“ကျွန်တော်တို့ဆီကနေ ဘူတာကို သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့ဆို(၂၀၀၀)လောက်ပေးရတယ်။ ရွှေမြို့တော် လိုင်းကားနဲ့ဆို ၂၀၀-၃၀၀ လောက်ပဲပေးရတယ်။ ဆိုင်ကယ်ထက်ကို အများကြီးသက်သာတယ်။ ဒါပေမယ့် ဘောဂသီရိ အဝေးပြေးကား ၀င်းသွားမယ်ဆိုရင်(၁၅၀၀)လောက်ပေးရတယ်။ လိုင်းကားမရှိတော့ သွားရတာ အခက်အခဲနည်းနည်းဖြစ်တယ်။ လိုင်းကားတွေ မြို့တွင်းမှာတော်တော်လေး ပြေးဆွဲဖို့လိုအပ်ပါသေးတယ်” ဟု နေပြည်တော်၊ ပျဉ်းမနား၊ပန်းခင်း(၃)မှ ကိုသူရထွန်းက ပြောသည်။
 
နေပြည်တော်တွင်း(မြို့တွင်း) ပြေးဆွဲပေးနေသော မ.ထ.သ လက်အောက်ရှိ ရွှေမြို့တော်၊ အားမာန်သစ်၊ တောင်ညို ခရီးသည်တင်ယာဉ်လိုင်းများသည် ဧပြီလပိုင်း၌ နေ့စဉ် (၁၄၂)စီးပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
 
ရွှေမြို့တော် ခရီးသည်တင်ယာဉ်လိုင်းသည် လိုင်းကား (၁၃၇)စီးရှိပြီး နေ့စဉ်လမ်းကြောင်း(၉)ခုဖြင့် ခရီးတင် ယာဉ် (၇၀)စီးအားပြေးဆွဲကြောင်း၊ အားမာန်သစ် ခရီးသည်တင်ယာဉ်လိုင်းသည် လိုင်းကား (၉၈)စီးရှိပြီး နေ့စဉ် လမ်းကြောင်း (၁၀)ခုဖြင့် (၅၇)စီးပြေးဆွဲကြောင်း၊ တောင်ညို ခရီးသည်တင်ယာဉ်လိုင်းသည် လိုင်းကား (၂၄)စီးရှိပြီး နေ့စဉ် လမ်းကြောင်း (၁)ခုဖြင့် ကား(၁၅)စီး ပြေးဆွဲပေးနေကြောင်း သိရသည်။
 
“ကျွန်တော်တို့ကတော့ လိုအပ်တဲ့ နေရာတွေကို ပြေးဆွဲပေးနေတယ်။ ကျွန်တော်တို့ မထသ လက်အောက်က ခရီးသည်တင်ယာဉ်လိုင်းတွေက မြို့တွင်းမှာဆို တစ်နေ့ကို အစီးရေ(၁၅၀)လောက်ပြေးဆွဲပေးတယ်။ လိုအပ် ရင်လိုအပ်သလို ပြေးဆွဲပေးနေပါတယ်။ အခုတော့ တိုးချဲ့ပြေးဆွဲဖိုမရှိသေးပါဘူး”ဟု နေပြည်တော်၊ မ.ထ.သ (မြို့တွင်း) ခရီးသည်တင်ယာဉ်လိုင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
လက်ရှိနေပြည်တော်တွင် ခရီးသည်တင်ယာဉ်များအဖြစ် မြို့တွင်း၌ ရွှေမြို့တော်၊ အားမာန်သစ်၊ တောင်ညို၊ တော်ဝင်၊ သုံးဘီးများနှင့် ဆိုင်ကယ်တက္ကစီများပြေးဆွဲလျက်ရှိသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။