Thursday, May 24, 2012

ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေဟုဆို


ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့်  ရွှေ့ပြောင်းနေထိုင်ရသူဦးရေ လက်ရှိတွင် တစ်သိန်းနီးပါးခန့် ရှိနေပြီး ကယ်ဆယ်ရေးစခန်းများ၌ အစားအသောက်နှင့် ဆေးဝါးများ များစွာ လိုအပ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

''အရင်တုန်းက အပစ်အခတ်တွေက မြန်မာတရုတ် နယ်စပ်ဘက်တွေမှာ ဖြစ်ပေမယ့် အခုပူတာအို၊ မြစ်ဆုံအထက်ပိုင်းအထိ ရောက်လာပြီ။ လောလောဆယ် လိုင်ဇာဘက်က အများဆုံးပဲ။ ဖားကန့်ဘက်မှာလည်း နည်းနည်း အသံထွက်လာတယ်။ ဒုက္ခသည်တွေလည်း လက်ရှိ ပိုပိုပြီး များလာတယ်။ အရင်တုန်းကဆိုရင် ဒုက္ခသည် စုစုပေါင်း ခုနစ်သောင်းကျော် လောက်ရှိပေမယ့် အခုဆိုရင် တစ်သိန်းနီးပါးလောက်အထိ ဖြစ်လာပြီ။ ကလေးတွေ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်နေရတယ်။ လူဦးရေ များလာတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေမှာ နေစရာနေရာလည်း အခက်အခဲရှိသလို ဆေးဝါးနဲ့ အစားအသောက်တွေ အရမ်း လိုအပ်နေပါတယ်''ဟု ကချင်ပြည်နယ် လိုင်ဇာမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိ မြန်မာ-တရုတ်နယ်စပ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းပေါင်း ၂၀ ကျော်ခန့်ရှိကြောင်းနှင့် ဒုက္ခသည်အရေအတွက် မြင့်တက်လာမှုကြောင့် အချို့ကယ်ဆယ်ရေးစခန်းများတွင် နေရာအခက်အခဲနှင့် အစားအစာ လိုအပ်ချက်များ မြင့်တက်လျက်ရှိကြောင်း သိရသည်။
''ကယ်ဆယ်ရေးစခန်းတွေမှာ အခု အစားအစာ အရမ်း အရေးကြီးနေတယ်။ မိုးတွင်း ရောက်တော့မှာဆိုတော့ အစားအသောက်က လှောင်ထားရတော့မယ်။ ဒါပေမယ့် မရှိနေဘူး။ လူတွေများလာပြီ ကျွေးစရာမရှိဘူး။ လူတွေအားလုံး ထင်နေကြတာက နိုင်ငံတကာအဖွဲ့အစည်းတွေ ၀င်လာလို့ အရမ်းကြီး ပြည့်စုံနေပြီလို့ ထင်နေကြတယ်။ အဲဒီအဖွဲ့တွေက အကူအညီတွေပေးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့်နေရာတစ်ခုကို တစ်လစာပဲ ပေးသွားတာပါ။ လစဉ်လတိုင်းအတွက် ပေးမှာ မဟုတ်ဘူး။ မိုးတွင်းလည်း ရောက်လာတော့ နေစရာနေရာတွေ အမိုးအကာတွေ အများကြီး လိုနေပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ကတော့ တချို့ ကယ်ဆယ်ရေးစခန်းတွေမှာ မိုးကာတွေနဲ့ ဆောက်ပေးနေတယ်လို့ ကြားတယ်''ဟု ကချင်အမျိုးသမီး လူမှုရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ကချင်ပြည်နယ်အတွင်း၌ ကယ်ဆယ်ရေးစခန်းများသည် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် တည်ရှိနေကာ တရုတ်နိုင်ငံတွင်း၌လည်း ကယ်ဆယ်ရေးစခန်းအချို့ ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။