Thursday, May 24, 2012

မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ကားကျပ်မှုများအား ဖြေရှင်းပေးရန်၊ ကားတင်သွင်းခြင်းဆိုင်ရာ ရုံးလုပ်ငန်းများ အချိန်ကြာမြင့်မှု ဖြေလျော့ပေးရန်နှင့် တက္ကစီတင်သွင်းရာတွင် ကုန်ကား၊ ဘတ်စ်ကားများနည်းတူ အခွန်လျော့ချပေးရန် ဆွေးနွေးခဲ့

မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ  UMFCCI  ရုံးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသည့် ကားအရောင်းပြခန်း လုပ်ငန်းရှင်များ၊ UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကားတင်သွင်းမှု မူဝါဒချမှတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ကားကျပ်မှုပြဿနာအား ဖြေရှင်းပေးရန်၊ ကားတင်သွင်းရာမှစ၍ မှတ်ပုံတင် စာအုပ်ရသည်အထိ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အချိန်ကြာမြင့်နေမှုများနှင့် ဘဏ်လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်များအား လျော့ပေါ့ပေးရန်၊ တက္ကစီများ တင်သွင်းရာ၌ ဘတ်စ်နှင့် ကုန်ကားများနည်းတူ အခွန်လျော့ပေါ့ပေးရန် အပါအ၀င် အခက်အခဲများအား လျော့ပေါ့ဖြေရှင်းပေးရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ပြီး မူဝါဒမကြာခဏ ပြောင်းလဲခြင်းမဟုတ်ဘဲ စီစဉ်ထားသည့်အတိုင်းသာ ကားတင်သွင်းခွင့်များကို လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ပြည်ပမှ ကားအရောင်းပြခန်းများအား ခွင့်ပြု ကာ မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူခွင့်ရသည်အထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကား Sale Center ပိုင်ရှင်တစ်ဦးက ''တာဝန်ရှိသူတွေက မေးခွန်းတိုင်းကို မဖြေရဘူး။ ဒီတော့ အခက်အခဲတွေ ပြောလိုက်ရတာပဲ ရှိတယ်၊ တာဝန်ရှိသူတွေဆီက ဘာတစ်ခုမှ တိတိကျကျ မသိလိုက်ရတဲ့ သဘောဖြစ် သွားတာပေါ့။ ဒီနေ့ ဆွေးနွေးပွဲကို အနှစ်ချုပ်လိုက်ရင်တော့ အများစု ကတော့ ကားကျပ်တဲ့ ပြဿနာကအစ လုပ်ငန်းပိုင်းဆိုင်ရာတွေ နှောင့်နှေးတာအဆုံး တင်ပြခဲ့ကြရတယ်။ ဥပမာ ယာဉ်မှတ်ပုံတင်စာအုပ်ရဖို့ နှစ်လလောက် စောင့်ရတာမျိုးတွေပါ တင်ပြခဲ့တယ်။ ဒါပေမယ့် တိကျတဲ့ အဖြေကတော့ ရတာ နည်းတယ်။ တချို့က ၀င်နှောက်နေသလို တာဝန် ရှိတဲ့သူတွေဘက်ကလည်း ပြန်ဖြေတဲ့အခါ မှတ်ထားပါမယ်၊ ပြန်တင်ပြပြီး ဆောင်ရွက်ပေးပါမယ် ဆိုတာမျိုးလောက်ပဲ သိရတာ များပါတယ်''ဟု ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။