Thursday, May 24, 2012

တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံမှုဖြင့် တင်သွင်းတက္ကစီအစီးရေ(၁၅၀)အထိရှိလာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံမှုဖြင့်တင်သွင်းလျက်ရှိသော တက္ကစီအစီးရေ (၁၅၀)စီး အထိရှိပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရှိရသည်။
 
တက္ကစီတင်သွင်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ခံတင်ပြပေးထားသောကုမ္ပဏီ(၉)ခုရှိပြီး ကုမ္ပဏီ(၂)အား လိုင်စင်ထုတ်ပေးထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောသည်။
 
“ထောက်ခံပေးထားတဲ့ ကုမ္ပဏီက ၉ခုရှိပြီ။ တကယ်လာ လျှောက်တဲ့ကုမ္ပဏီက (၃)ခုပဲရှိသေးတယ်။ လိုင်စင်ထုတ်ပေး လိုက်တဲ့ ကုမ္ပဏီက (၂)ခုရှိပြီ။ တက္ကစီတွေကိုလဲ စတင်ပြီးတင်သွင်းနေကြပါပြီ”ဟု ညွှန်ကြားရေးမှူးဦးမင်းမင်းက ပြောသည်။
 
လက်ရှိအချိန်တွင် Firsheries and Marine Pdt 2000 Ltd မှ Brand New Sonata မော်တော်ယာဉ် အစီးရေ(၅၀)နှင့် Myanma Economic Holding Ltd မှ Corolla(salon) (၃၀)စီးနှင့် ၂၀၁၁/၂၀၁၂ မော်ဒယ် Corolla(salon) (၇၀)စီး စုစုပေါင်းအစီးရေ ၁၅၀ စီးတင်သွင်းပြီးဖြစ်ကြောင်း သိရသည်။ 
 
မော်တော်ယာဉ်တင်သွင်းရန် လျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ ထောက်ခံ တင်ပြမှု ရရှိမှသာ သွင်းကုန်ပါမစ်ထုတ်ပေးမည်ဖြစ်သည်။
 
တင်သွင်းပြီးသောတက္ကစီများကို ရာသက်ပန် နံပါတ်အနီဖြင့် ထားရှိသွားမည်ဖြစ်ပြီး ပုဂ္ဂလိက အဌားယာဉ်ဝန်ဆောင်မှု လုပ်ငန်းဖွဲ့စည်းဆောင်ရွက်သည့် မော်တော်ယာဉ်များမှာ တူညီသည့် ကိုယ်ထည်အရောင်ဖြစ်ရမည်ဖြစ်ပြီး တက္ကစီ   မော်တော်ယာဉ်တိုင်းတွင် မီတာတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် အပ်နှံပြီးသော ယာဉ်အို/ဟောင်းများကိုလည်း တက္ကစီလုပ်ကိုင်လိုပါက ခွင့်ပြုပေးလျက်ရှိကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
 
“အခုနောက်ပိုင်းမှာ တက္ကစီစီးတဲ့သူတွေတအားများလာတယ်။ တစ်ခါတစ်လေ ၄ ဦးလောက်တစ်နေရာထဲမှာ စုပြီးငှားနေကြတယ်။ မီတာတွေကိုလဲ တကယ်တပ်ပြီး တကယ်မီတာနဲ့မောင်းမယ်ဆိုရင်ပိုကောင်းပါတယ်။ ဘတ်စ်ကားတွေကလဲ ကျပ်တော့   တော်တော်များများ တက္ကစီကို အားကိုးလာကြတယ်”ဟု ပြည်ပခရီးသွား လေယာဉ်လတ်မှတ်အရောင်းဌာနတစ်ခုတွင် လုပ်ကိုင်လျက်ရှိသော ကိုဖြိုးကိုကပြောသည်။
 
အဆိုပါ တက္ကစီမော်တော်ယာဉ်တင်သွင်းမှုကို ၂၀၁၂ ခုနှစ် မေလ ၄ ရက်နေ့မှ စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး တင်သွင်း ရာတွင် ၂၀၀၇ ခုနှစ်အထက်မော်တော်ယာဉ်များကို ဘယ်မောင်း/ညာမောင်း ခွဲခြားမှုမရှိပဲ တင်သွင်းခွင့်ပြုမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။