Thursday, May 24, 2012

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

"မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှေးဟောင်းသုတေသန၊
အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနမှပထမဆုံးကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရေး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
 ဆောင်ရွက်နေ"


          မြန်မာနိုင်ငံအနေဖြင့်လည်း ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီး ဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်  ဦးစီးဌာနမှတာဝန်ရှိသူများရဲ့ပြောပြချက်အရ '' မြန်မာနိုင်ငံသည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ကမ္ဘာ့ အမွေအနှစ်ကွန်ဗင်းရှင်း(1972 Convention Concerning the Protection of the World Cultural and Natural Heritage)သို့ ၁၉၉၄ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် လက်မှတ်ရေးထိုး ၀င်ရောက်ခဲ့ပြီး၊ ၁၉၉၆ ခုနှစ်တွင် ပြဒါးလင်းဂူ၊ ပုဂံဒေသ၊ အင်းလေးကန်၊ ပျူမြို့ဟောင်းများ၊ မြောက်ဦးဒေသ တို့အပါအ၀င် မြန်မာ့အမျိုးသားအမွေအနှစ်(၈)ခုကို အဆိုပြုအမွေအနှစ် စာရင်း (Tentative List)အဖြစ်တင်ပြခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ပုဂံဒေသအား ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှစ၍ (Tentative List) တွင် တင်သွင်းခဲ့သော ကမ္ဘာ့အမွေအနှစ်(၈)ခုအနက် ပျူမြို့ဟောင်း(၃)ခုဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ မြို့ဟောင်းများအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန်စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် လိုအပ်သော သတ်မှတ်အဆိုပြုမှုများအပြင် ပျူမြို့ဟောင်းများအား ကာလအလိုက် အစီရင်ခံစာ အပိုင်း(၁) တင်သွင်းခြင်း၊ နိုင်ငံတကာအထောက်အပံ့ တောင်းခံခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာအထောက်အပံ့အတွက်(World Heritage Centre)သို့ ပုံစံတကျ တောင်းခဲ့ကြောင်း၊ ယူနက်စကို၏ ဆက်သွယ်ပေးမှုဖြင့် အီတလီ အစိုးရ၏ အထောက်အပံ့အဖြစ် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူနက်စကိုက ကြီးမှူးဆောင်ရွက်သည့်(Project)ကြောင့် ခေတ်မီနည်းစနစ်များနှင့် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ကာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာ စေရန် မူကြမ်းအချိန်မီတင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း'' ပြောကြားခဲ့ပါ သည်။

          ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် နှစ်အလိုက်သတ်မှတ်ပြုပြင်ထိန်းသိမ်းသကဲ့သို့ အလှူရှင်များ လှူဒါန်းမှုဖြင့် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ရည်ရွယ်၍ ရှေးမူမပျက် ပျက်ပုံအတိုင်း ထိန်းသိမ်းဆောက်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်း ပြုပြင်မှုများကို နိုင်ငံတကာနှင့် ပူးပေါင်း၍ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ လေ့ကျင့်မှုများရယူကာ ဆောင်ရွက်နေပါကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကို ပြည်သူများအနေဖြင့် ဌာနနှင့်အတူ ပူးပေါင်းပါဝင် ထိန်းသိမ်းကြရန် အထူးလိုအပ်ကြောင်း သိရှိရပါသည်။
Myanmar News Now

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။