Thursday, May 24, 2012

တောင်ကုတ် ချောင်းကောက် NLD ရုံးဖွင့်ပွဲ ပြည်သူများ တခဲနက် တက်ရောက်အားပေး

မေလ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော တောင်ကုတ်မြို့နယ် ချောင်းကောက် ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို ရပ်ကွက်သူ ရပ်ကွက်သားများ တခဲနက် တက်ရောက် အားပေး ခဲ့ကြသည်ဟု သတင်း ရရှိသည်။
  " ဒီရုံးက တောင်ကုတ်မြို့နယ် အတွင်း ဖွင့်လှစ်ခဲ့တဲ့ ၁၃ ခုမြှောက် ရုံးဖြစ်ပါတယ်။ ရပ်ကွက်က လူတွေ တခဲနက် တက်ရောက် အားပေးခဲ့ကြပါတယ်။ လူထု ထောက်ခံမူက အားရစရာ ကောင်းပါတယ်" ဟု ကိုမင်းအောင်က ပြောသည်။

ကိုမင်းအောင်သည် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ပြီး လက်ရှိ တောင်ကုတ်မြို့နယ် NLDတွင် ဘဏ္ဍာရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေသည်။

" ကျွန်တော်တို့ ၁၄ ရက်နေ့က နတ်မော်ရွာမှာ ဖွင့်တယ်။ နောက်ပြီးတော့ ၁၇ ရက်နေ့မှာ ခရိုင်ကျွန်း ခရိုင်ရွာ မှာ ဖွင့်ပါတယ်။ ၁၉ ရက်နေ့မှာ ကျွန်တော်တို့ ရန်မျိုးကျေးရွာမှာ ကျေးလက်ရုံးခွဲကို ဖွင့်ပါတယ်။ နောက်ပြီးတော့ ၂၀၊ ၂၁ မှာ မအီမှာ ဖွင့်ပါတယ်။ အခု ကျေးရွာကြီးတွေမှာ လိုက်ပြီး ဖွင့်နေပါတယ်။ မြို့တွင်းရပ်ကွက် တွေမှာ ဆိုရင်လည်း ချောင်းကောက်ရပ်ကွက်မှ ဒီနေ့ ၂၂ ရက်နေ့က ဖွင့် ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒီမိုကရေစီ သဘောတရားများ ကျေးလက် ဒေသအထိ ရှင်သန် အမြစ်တွယ်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ် အနှံ့အပြားတွင် ကျေးလက် ရုံးခွဲများ ဖွင့်လှစ်နေရာ ချောင်းကောက် ရပ်ကွက်တွင် ၁၃ ခုမြောက် ရုံးကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ချောင်းကောက်ရပ်ကွက် ရုံးကို ဦးထွန်းကြည် နေအိမ်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲသို့ တောင်ကုတ် မြို့နယ်စီးအဖွဲ့မှ ဦးကျော်ခိုင်၊ ဦးတင်သိန်းအောင်၊ ဦးခင်လှနှင့် ဦးမင်းအောင်တို့ တက် ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

NLD ရုံးဖွင့်ပွဲကို တက်ရောက်ခဲ့သူ လူငယ်တဦးကို NLD ကို မည်သည့်အတွက်ကြောင့် ထောက်ခံရပါသလဲဟု နိရဉ္စရာ ဆက်သွယ်မေးမြန်းရာ သူ့အမြင်ကို ယခုလို ပြောသည်။

" NLD အဖွဲ့ ဆိုတာ ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ ရရှိရေး အတွက် အခက်အခဲ အမျိုးမျိုး၊ ဒုက္ခ အဖုံဖုံကို ရင်ဆိုင်ဖြတ်သန်းပြီး ကြိုပမ်းလာတဲ့ ပါတီ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်က ခေါင်းဆောင်တွေဆိုရင်လည်း ကိုယ်ကျိုးကို စွန့်လွတ်ပြီး ထောင်ကျခံကာ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး ရရှိရေး အတွက် ကြိုးစားလာခဲ့ကြပါတယ်။ ဒါကြောင့် NLD အဖွဲ့ကို ယုံကြည်သလို ခေါင်းဆောင်တွေကိုလည်း အားကိုးတဲ့ အတွက် အဖွဲ့ဝင်ခဲ့တာ ဖြစ်ပါတယ်။"

တောင်ကုတ်မြို့နယ်အတွင်း NLD ရုံးဖွင့်လှစ်ခဲ့ပြီးသော ကျေးရွာများမှာ ဆားပြင်ကျေးရွာ၊ ကျော်ကိုင်းကျေးရွာ၊ ဘူးရွှေ မော်ကျေးရွာ၊ ကုလရောင် ကျေးရွာ၊ ပန်းထော်ကျွန်းရွာ၊ နတ်ကန်ရွာ၊ ငရုတ်တောင်ရွာ၊ မောင်းကျေးရွာ၊ နတ် မော်ကျေးရွာ၊ ခရိုင်ကျေးရွာ၊ ကင်းတောင်ရွာ၊ ဆင်တောင် စံပြကျေးရွာ၊ မအီမြို့နှင့် တောင်ကုတ်မြို့အတွင်းရှိ ချောင်း ကောက်ရပ်ကွက်ဖြစ်ပြီး တခြား ကျန်ရှိနေသေးသော ကျေးရွာ၊ ရပ်ကွက်များတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

မောင်ရမ္မာ-နိရဉ္စရာ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။