Thursday, May 24, 2012

ကန့်ကွက်မှုများနှင့် အစပျိုးလာသော အထက်မြန်မာပြည်သတင်းသမားများကွန်ယက်(UMJN)

ကန့်ကွက်မှုများရှိနေသည့်ကြားကပင် အထက်မြန်မာပြည်သတင်းသမားများကွန်ယက် (UMJN) အား  မေလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက မန္တလေးမြို့၊ဆင်စိမ်းစားသောက်ဆိုင်တွင် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။
 
ယခင်က ရွေးချယ်ထားသော အမှုဆောင်(၉)ဦးဖြင့်သာ  ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး၊ ထိုအမှုဆောင်များကသာ အသင်း၏ ဖွဲ့စည်းပုံရေးဆွဲထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆိုပါဖွဲ့စည်းပုံအား ဖတ်ရှု့ခွင့်မပေး ကြောင်း စာနယ်ဇင်းအသိုင်းအ၀ိုင်းက သိရသည်။


`` သဘောမတူဘူး ဆိုတာက လုပ်ပုံလုပ်နည်း မမှန်တာပေါ့လေ ၊ ဖွဲ့စည်းပုံကို အရင်ချ ပြရမယ် ၊ ဖွဲ့စည်းပုံ ကိုချမပြပဲနဲ့ အမှုဆောင်ကို အရင်ရွေးတယ်ဆိုတာ သဘာဝမကျဘူးလေ ၊ နောက်တစ်ချက်က ကျနော်တို့ ရန်ကုန် အခြေစိုက်တွေလည်း ဒီမှာလာပြီး အခြေစိုက်နေတာတွေ ရှိပါတယ် ၊ ဖွဲ့စည်းပုံထဲမှာ မန္တလေးအခြေ စိုက်များသာ ဆိုပြီးပါဝင်တာ ဒါလဲ သဘာဝမကျပါဘူး ´´ ဟု အထက်မြန်မာပြည် သတင်းသမားများ ကွန်ယက်ဖွဲ့စည်းသည့်အစည်းအဝေးမှ ထပြန်သွားသူ The Voiceဂျာနယ်က ကိုတင်လင်းက ပြောသည်။


အထက်မြန်သတင်းသမားများကွန်ယက်သည် ယခင်ကဖွဲ့စည်းခဲ့သည့် MJN အဖွဲ့အားဖျက်သိမ်း၍ မြန်မာပြည် အထက်ပိုင်းရှိ သတင်းထောက်များအားလုံးလက်တွဲပါဝင်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
 
ယခုဖွဲ့စည်းလိုက်သည့်အဖွဲ့တွင် ပါဝင်သူများထံမှ လစဉ်ကြေး အဖွဲ့ဝင်ကြေးများကောက်ခံပြီး အဖွဲ့ဝင်များ၏ သာရေး နာရေးများထောက်ပံ့ခြင်း၊ အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းပေးခြင်း၊ သင်တန်းများ စီစဉ်ပေးခြင်း များကို   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

`` အထက်မြန်မာပြည်ကိုယ်စားပြုဆိုတာ ကျနော်တို့ နယ်ကလူတွေလည်း ပါစေချင်တယ် ၊ နယ်ကလူတွေ ကိုလဲ တာဝန်ခံအဖွဲ့နဲ့ လက်တွဲဆောင်ရွက်စေချင်တယ် ၊ နယ်ကလူတွေကို တာဝန်ခံပုံစံမျိုးခန့်ထားတာဖြစ်တဲ့ အတွက်ကျန်တဲ့ မန္တလေးခရိုင် အတွင်းမှာ နေထိုင်သူအဖြစ် သတ်မှတ်ထားတာက ဥပမာ စစ်ကိုင်းမှာနေပြီးတော့ကွန်ယက်ရဲ့တာဝန်တွေကို   မန္တလေးမှာ လာပြီးလုပ်ဖို့ အဆင်မပြေတဲ့အတွက် သူဟာသူနိုင်ငံခြားအတွက်ပဲ ရေးရေး ရန်ကုန်အတွက်ပဲ ရေးရေး၊ ရန်ကုန်အခြေစိုက် ဂျာနယ်ပဲ ဖြစ်နေနေ မန္တလေးမြို့မှာနေထိုင်တဲ့သူဖြစ်ပြီး တာဝန်ခံဖြစ်တာ ပိုကောင်းမယ်   ထင်လို့  ထည့်ထားတာပါ ´´ ဟု မော်ဒန်ဂျာနယ်သတင်းထောက် စန်းယုကျော် က ပြောသည်။


ယခုဖွဲ့စည်းလိုက်သောအဖွဲ့တွင် မန္တလေးမြို့ရှိဝါရင့်သတင်းထောက်များက ဦးစီးဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ လူငယ်များ ကိုသာ  နေရာပေးလုပ်ခိုင်းခြင်း ဖြစ်သည်။


`` စေတနာတွေတော့ ပါကြပါတယ် ၊ သို့သော်လည်းပဲ လူငယ်တွေလည်း ဖြစ်တယ်၊ ဒီလိုအဖွဲ့အစည်းဖွဲ့ဖို့ အတွက် အတွေ့အကြုံတွေ လည်း နည်းကြတော့ နည်းနည်းအမှားလေးတွေ၊ အလွဲလေးတွေ ရှိတာပေါ့နော် ၊ မှားတယ်လို့တော့ ပြောလို့မရပါဘူး၊ မပြည့်စုံတဲ့သဘောလေးတွေပေါ့ ´´ ဟု ရတနာပုံဝက်ပေါ်တယ်မှသတင်းထောက်အောင်မျိုးထွန်းက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။