Tuesday, May 22, 2012

မန္တလေးတိုင်းတွင် မိုဘိုင်းအင်တာနက်သုံးစွဲခွင့်မရခြင်းမှာ ဆာဗာချို့ယွင်းချက်ကြောင့်ဖြစ်

မန္တလေးတိုင်းဒေသကြီး၌ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခွင့်ချထားပြီးနောက် (၄)ရက်အကြာ တွင် အင်တာနက်သုံးစွဲမရခြင်းမှာ ဆာဗာချို့ယွင်းချက်ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

 
“မန္တလေးမှာ ဖုန်းတွေ အင်တာနက်လိုင်းပြတ်သွားတာက  ဆာဗာစက်တွေ ချို့ယွင်းသွားလို့ပါ၊ သိပ်မကြာပါဘူး၊ ပြန်ကောင်းမှာပါ” ဟု call center မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုက တာဝန်ရှိ သူတစ်ဦးက ပြောသည်။
 
မန္တလေးတိုင်းဒေသကြီးတွင် အင်တာနက်သုံးစွဲခွင့်များ ချထားပေးပြီးနောက်  ၀၉-၂၀ ဖြင့် အစရှိသော GSM ဖုန်းများ ၀၉-၄၃ ..ဖြင့်စသော GSM ဖုန်းများ၊ ၀၉-၄၀ ၂၅..ဖြင့်စသော ( ၂၀၀၀၀၀ ) ဖုန်းများနှင့် ၀၉- ၉၁ ဖြင့်စသော CDMA 800 MHz ဖုန်းများ၊ ၀၉-၄၄၄ ..ဖြင့် စသော WCDMA ဖုန်းများ အင်းတာ နက် ဆက်သွယ်သုံးစွဲခွင့် ချထားပေးရာ လျှောက်ထားသူများပြား လျက်ရှိသည်။
 
အင်တာနက် လျောက်ထားပြီးနောက် လေးရက်အတွင်း အင်တာနက်လိုင်း သုံးစွဲ၍ မရသည့် ဖုန်း နံပါတ်များမှာ   ၀၉-၉၁ … နှင့် ၀၉- ၇၃ တို့ဖြစ်သည်။
 
“ကျွန်မကိုင်တဲ့ဖုန်းက ၄၃ နဲ့စတာ၊ အင်တာနက်လိုင်းလျှောက်ပြီးတော့ ၂၄ နာရီ အတွင်းရတယ်၊ ဒါပေမဲ့ လျှောက်ပြီးလို့   လေးရက်လောက်ကြာတော့ အင်တာနက်သုံးလို့မရတော့ဘူး၊ အခုထိလည်း သုံးလို့မရသေးဘူး ” ဟု မန္တလေးမြို့မှ မနွေဦးဇွန်က ပြောသည်။
 
မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် အသုံးပြုရာတွင် တစ်စုံတစ်ရာ အဆင်မပြေမှုများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ   မြန်မာ့ဆက်သွယ်ရေး မန်နေဂျာများထံ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန် ထားသည်။
 
“လက်ရှိမှာတော့ ရနေတယ်၊ သုံးလို့မရဘူးဆိုတာက အသုံးပြုတဲ့လူတွေ ကောင်းကောင်းနားမလည် လို့နေမှာ၊ အင်တာနက်လိုင်း ထည့်တယ်ဆိုတာ တန်းဝယ်တန်းသုံးလို့မရဘူး အထဲမှာ ဆက်တင် နည်းနည်း ပါးပါးပြောင်းရသေးတယ်”ဟု   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်ဂျီနီယာ ဦးသိန်းဝင်း ကပြောသည်။
 
ဆက်သွယ်တိုင်ကြားရာတွင် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မန်နေဂျာများထံ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။
 
မေလ-(၃)ရက် နောက်ပိုင်းတွင် မိုဘိုင်းဖုန်းဝယ်ယူသုံးစွဲသူများအနေဖြင့် တစ်နိုင်ငံလုံးတွင် ယူဆောင် သုံးစွဲနိုင်ရန်အတွက် Sim Card ရောင်းချသည့် ကုမ္ပဏီများမှ ရောင်းချသည့် ဖုန်းနံပါတ်အပါအဝင် နေ့စဉ်မိုဘိုင်းဖုန်း ရောင်းချသည့် စာရင်းကို   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ ပုံမှန်ပေးပို့ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်းကိုလည်း  သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။