
မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်း ဒေသများဖြစ်သော မန္တလေး၊ မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ညောင်ဦး၊ မြင်းခြံ၊ ချောက်၊ ရွှေဘို၊ မုံရွာမြို့နယ်များတွင် ရှိသော ကျေးရွာ ပေါင်း ၂၈၀ အား ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများ ဖြေရှင်းနိုင်ရေးအတွက် လေးနှစ်တာလုပ်ငန်း စီမံကိန်း UNDP အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ရုံး မှ Techanical Specialist ဖြစ်သူ Mr. Gernot Laganda သည် အဆိုပါစီမံကိန်းများ ဆောင်ရွက်နိုင်ရန် အတွက် မေလ ၁၅ ရက်နေ့က ညောင်ဦးမြို့၌ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စီမံကိန်းဝင် ကျန်ဒေသများသို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအတွက် အဆိုပြုရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ရှစ်သန်းနီးပါး ၇၉၀၉၀၂၆ ဒေါ်လာ ဖြစ်ပြီး စီမံကိန်းကာလမှာ လေးနှစ် (၂၀၁၂ မှ ၂၀၁၆ ထိ)ဖြစ်ကြောင်း သိရသည်။
“ညောင်ဦးမြို့နယ်က ကျေးရွာ ၇၀ ပါမယ်။ ဒီစီမံကိန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ စတင်အကောင် အထည်ဖော်သွားမယ်။ စီမံကိန်း အကောင်အထည်ဖော်ရေး အဖွဲ့နဲ့အတူ အစိုးရအသိမှတ်ပြု NGO တွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်”ဟု ညောင်ဦးမြို့ရှိပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောပါသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။