Tuesday, May 22, 2012

၂၀၁၁-ခုနှစ်မော်ဒယ် အင်ဂျင် ၁၃၅၀စီစီ အောက်ယာဉ်များ CIF တန်ဖိုး ကန်ဒေါ်လာ(၅၀၀၀)သတ်မှတ်

အင်ဂျင်ပါဝါ ၁၃၅၀စီစီအောက် ၁၉၉၆ခုနှစ်မှ၂၀၁၁ ခုနှစ် မော်ဒယ်မော်တော်ယာဉ်များအား ဆိပ်ကမ်း အရောက်တင်သွင်းမှု CIF တန်ဖိုး အမေရိကန်ဒေါ်လာငါးထောင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

 
“တစ်နှစ်ထပ်တိုးပေးလိုက်တဲ့သဘောပါ။ သတ်မှတ်ထားတဲ့မော်ဒယ်ထက်ကျော်ရင်တော့ လက်ရှိပေါက်ဈေးအတိုင်း   ပေးဆောင်ရမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကပြောသည်။
 
ယခင်က ၁၉၉၆ ခုနှစ်မှ ၂၀၁၀ ခုနှစ် မော်ဒယ်မော်တော်ယာဉ်များအား CIF တန်ဖိုး ဒေါ်လာ ၅၀၀၀ သတ်မှတ်ခဲ့ရာမှ ယခု ၂၀၁၁ ခုနှစ် မော်ဒယ်အထိ တစ်နှစ်တိုးပေးလိုက်ခြင်းဖြစ်ကြောင်း သတ်မှတ်မော်ဒယ်ထက်ကျော်လွန်၍ တင်သွင်းလိုပါက လက်ရှိပေါက်ဈေးအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
သတ်မှတ်ထားသော မော်တော်ယာဉ်အုပ်စုတွင်ပါဝင်မှုမရှိပဲ Brand Name သီးခြားလျှောက်ထားလာပါက အင်တာနက် အထောက်အထားများပြ၍ နေ့စဉ်ပြုလုပ်သော EICC အစည်းအဝေးသို့တင်ပြပြီးမှသာ ခွင့်ပြုသွားမည် ဖြစ်သည်။
 
အဆိုပါ ၁၃၅၀ စီစီ မော်တော်ယာဉ်များကို တင်သွင်းပါက ပေးဆောင်ရမည့်အခွန်နှုန်းထားများမှာ က.ည.နသို့ ၅၀ ရာခိုင်နှုန်း၊ အကောက်ခွန်သို့ ၅၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်သည်။
 
“ဒီလိုမျိုးကားနဲ့ပတ်သတ်ပြီး ဖြေလျော့မှုတွေ လုပ်ပေးလာတာတွေ တွေ့ရပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အချက်ပါပဲ။ ၀န်ကြီးတွေပြောထားတဲ့အတိုင်းပဲ သူတို့ဘက်ကလည်း နားမလည်ပဲနဲ့ လုပ်ရတာဆိုတော့။ ဘာမှတော့ ပြောစရာမရှိပါဘူး။ ဒီထက်ပိုကောင်းအောင် လုပ်ပေးလာနိုင်ရင်တော့ အကောင်းဆုံးပေါ့။ နိုင်ငံတကာနဲ့ယှဉ်မယ်ဆိုရင်တော့ ကားဈေးနှုန်းတွေ က မြှင့်နေသေးတာ အမှန်ပဲ”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးကျော်က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။