Tuesday, May 22, 2012

 လှိုင်သာယာစက်မှုဇုန် ဆန္ဒပြစက်ရုံ ငါးရုံစုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်

လှိုင်သာယာစက်မှုဇုန်မှ လက်ရှိဆန္ဒပြနေသည့် စက်ရုံငါးရုံ ဆန္ဒပြ အလုပ်သမားများ စုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်းတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ(၂၁)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြ စက်ရုံငါးရုံ၏ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။

စုပေါင်းတောင်းဆိုသွားမည့် အချက်များတွင် အချက်(၄)ချက် ပါဝင်ပြီး (၁)ဆန္ဒပြ စက်ရုံငါးရုံလုံးမှ အလုပ်သမားများအား တစ်လ ထောက်ပံ့ကြေး ကျပ်သုံးသောင်းနှင့် ဆုကြေးအပါအ၀င် အခြားစရိတ်များအား ခံစားခွင့်ရရှိရန်၊ (၂) နိုင်ငံတော်သမ္မတအနေဖြင့် အလုပ်သမား များ၏ စုပေါင်းတောင်းဆိုမှုများအား အမြန်ဆုံး ဖြေရှင်းပေးပါရန်၊ (၃) ပြည်ထောင်စု လွှတ်တော်မှ အလုပ်သမားများ၏ တစ်နေ့(၈)နာရီ လုပ်ရသည့် လုပ်ခလစာအား အနိမ့်ဆုံးနှုန်းထားကျပ် ၃၀၀၀ ဟုသတ်မှတ်ပေးပါရန်၊ (၄) ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အ လုပ်သမားများ၏ အခွင့်အရေးအား တာဝန်ရှိရှိ လေးစားကြပါရန် စသည့် အချက်များဖြစ်ကြောင်း သိရသည်။
''ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေ အလုပ်သမားဌာနတွေက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ထားတာ ဥပဒေထဲမှာ မပါဘူး၊ ဒီကိစ္စက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ သူတို့နှစ်ဦး ဖြေရှင်းရမှာဆိုပြီး ဆန္ဒပြမှုတွေကို မဖြေရှင်းပေးတဲ့အတွက် နိုင်ငံတော်သမ္မတစီကို စုပေါင်းတောင်းဆိုမှု ပြုသွားဖို့ ဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ စုပေါင်းတောင်းဆိုမှုကို ဖြစ်နိုင်သလောက် အမြန်ဆုံး နိုင်ငံတော်သမ္မဆီကို တင်ပြတောင်းဆိုသွားပါမယ်''ဟု အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးကမေလ (၂၁)ရက်နေ့က ပြောကြားခဲ့သည်။

စက်ရုံများမှာ မေလ ၉ ရက်နေ့မှ စတင်ဆန္ဒပြခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စုပေါင်းတောင်းဆိုမှု ပြုလုပ်သွားမည့် ဆန္ဒပြစက်ရုံ ငါးရုံပေါင်း အလုပ်သမားအရေအတွက် ပျမ်းမျှ ဦးရေ ၅၀၀၀ ၀န်းကျင်ခန့်ရှိပြီးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။