Tuesday, May 22, 2012

ဦးအောင်သိန်းလင်းက စမ်းချောင်းဂွဈေးအား နဂိုဈေးအတိုင်း တည်ဆောက်ပေးမည်ဟု ပြောဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းသည် မေလ ၁၈ ရက်နေ့တွင်  မီးလောင်ကျွမ်းခဲ့သော ရှမ်းလမ်းဈေး(ခ)ဂွဈေး ကိုနဂိုမူလအတိုင်း ပြန်လည် တည်ဆောက်ပေးမည်ဟု ဈေးသူ ၊ ဈေးသားများကို မေလ ၁၉ ရက်နေ့က  ပြောကြားခဲ့ကြောင်း သိရှိရသည်။

 
“ပြန်ပြီးတော့ ဈေးသည်တွေစိတ်ကျေနပ်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်။ ဒီဟာတွေကို အမြန် ဆုံးရှင်းလင်းပေးပြီးတော့ ကိုယ့်မြေနေရာမှာပဲ ကိုယ်ရဖို့ သူတို့ကိုယ်တိုင်လုပ်ပေးမယ်လို့ပြောသွားတယ်။” ဟု ရှမ်းလမ်းဈေး(ခ)ဂွဈေးမှ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ မကလျာက ပြောသည်။
 
ဈေးသူ ဈေးသားများ၏ ဆန္ဒအရ အဆင့်မြှင့်ဈေး တည်ဆောက်မည် မဟုတ်ကြောင်းနှင့် လက်ရှိပုံစံအတိုင်း အမြန်ဆုံး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။
 
အဆိုပါ ဈေးမီးလောင်ကျွမ်းရခြင်းအကြောင်းကို မသိရှိရသေးပဲ စုံးစမ်းလျက်အဆင့်သာရှိကြောင်း ထိုဈေးမှ ဈေးတာဝန်ခံနှင့်   ဈေးသူ ဈေးသားများ၏ ပြောပြချက်အရ သိရှိရသည်။
 
“ဦးအောင်သိန်းလင်း ပြောသွားတာကတော့ ပြည်သူရဲ့ဆန္ဒ ဈေးသည်ရဲ့ဆန္ဒအတိုင်းဆောင်ရွက် ပေးမယ်လို့ ပြောသွားတယ်။ စလောင်တာ ဘယ်ကစလောင်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး။ စုံစမ်းနေ ကြတုန်းပဲလို့တော့   ပြောနေကြ တယ်။”ဟု ဈေးတာဝန်ခံ ဦးမြင့်သူ ကပြောသည်။
 
မီးမလောင်ခင်က ဈေးဆိုင်ခန်း တစ်ခန်း၏ တန်ဖိုးမှာ (၅)ပေ ပတ်လည်ခန့် ဆိုင်ခန်းတစ်ခန်းသည် ကာလ ပေါက်ဈေး ကျပ်သိန်း(၃၀)ခန့်ရှိကြောင်းနှင့် အပ်ချုပ်ဆိုင်တစ်ဆိုင်၏ တစ်ရက်ဝင်ငွေသည် ကျပ်(၃)သောင်း ခန့်ရှိသည်ဟု အပ်ချုပ် ဆိုင်ပိုင်ရှင်ထံမှ သိရှိရသည်။
 
“ခုက ကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းစိမ်းတွေက လက်မလည်အောင်ချုပ်နေရတယ်။ မီးထဲပါသွားတဲ့ အထဲမှာလည်း လာအပ်ထားတဲ့ ကျောင်းစိမ်းတွေအများဆုံးပါသွားတယ်။ အမြန်ဆုံးပြီးစီးအောင် လုပ်ပေးဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဈေးမရှိရင် အမတို့စားဝတ်နေရေးက ခက်ခဲပါတယ်”ဟု အပ်ချုပ်ဆိုင် ပိုင်ရှင် မအကြင်နာ ကပြောသည်။
 
အဆိုပါဈေးသည် ယခင်က မီးလောင်ကျွမ်းခြင်းမရှိကြောင်းနှင့် ယခုလောင်ကျွမ်းခြင်းမှာ ပထမဆုံးဖြစ်ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။