Tuesday, May 22, 2012

 အမေရိကန်နိုင်ငံ၏ စက်မှုလုပ်ငန်းစုကြီးများဖြစ်သည့် General Electric ကုမ္ပဏီနှင့် Caterpillar Inc တို့ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် တာစူနေ

မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများ ဆိုင်းငံ့လိုက်အပြီးတွင် အမေရိကန်၏ စက်မှုလုပ်ငန်းစုကြီးများဖြစ်သည့် General Electric ကုမ္ပဏီနှင့် Caterpillar ကုမ္ပဏီတို့မှာ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် တာစူနေကြပြီဟု ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လူဦးရေ သန်း ၆၀ နီးပါးရှိသော မြန်မာနိုင်ငံသည် စွမ်းအင်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ၊ ငွေကြေးနှင့် ခရီးသွားကဏ္ဍတို့တွင် စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းများ စွာရှိနေသည်ဟု စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်လျက်ရှိကြသည်။

GE ကုမ္ပဏီကြီးက ကျန်းမာရေးကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့တွင် ဖြစ်နိုင်ခြေရှိသော အခြေခံအဆောက်အဦ စီမံကိန်းများနှင့် အခွင့်အလမ်းများအတွက် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီဟု ပြီးခဲ့သည့် သောကြာနေ့က ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို ကြည့်နေတယ်။ စွမ်းအင်ကဏ္ဍမှာတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ဟာ အခြေခံအဆောက်အဦဆိုင်ရာ စီးပွားရေးလုပ် ငန်းအားလုံးကို ရှာဖွေသွားမှာပါ''ဟု GE ကုမ္ပဏီကြီး၏ ဒုဥက္ကဋ္ဌ ဂျွန်ရိုက်စ်က ရိုက်တာသတင်းဌာနသို့ ပြောကြားသွားခဲ့သည်။
၎င်းသည်ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက်နှင့်ပတ်သတ်ပြီး ၀န်ကြီးဌာနနှင့်ပူးပေါင်းကာ လျှပ်စစ်မလောက်ငမှု လျော့ချရေးအတွက် ကူညီလုပ်ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

Caterpillar Inc က ဆိုလျှင် အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုများအား မဆိုင်းငံ့မီကပင် ၎င်းတို့ကုမ္ပဏီမှ ဘူဒိုဇာကြီးများ၊ စက်လှေကားများကို လွတ်လပ်သော ကုန်သည်များမှတဆင့် ရောင်းချခဲ့သည်။ ယခုစီး ပွားရေးပိတ်ဆို့မှုများ ဆိုင်းငံ့လိုက်သည့်အတွက် အဆိုပါကုမ္ပဏီအနေနှင့် ၎င်းတို့၏ ကုန်သည်များကို ချဲ့ထွင်ရန် ငွေကြေးဝန်ဆောင်မှုများ အသုံးပြုခွင့် ရသွားပြီဖြစ်သည်။

အမေရိကန် Ford မော်တော်ကားကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ''မြန်မာနိုင်ငံရဲ့ မြန်ဆန်ပြီး အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွေ့ရတာ အားရစရာပါပဲ။ အဲဒီပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်ဖို့ Ford ကုမ္ပဏီအနေနဲ့လည်း အခွင့်အလမ်း ရှာဖွေသွားမှာ သေချာပါတယ်''ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။