Tuesday, May 22, 2012

သူနာပြုဆရာမများ၏ ဒုက္ခ

 ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင် တိုင်းကျန်းမာရေးဦးစီးဌာနမှူးတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာလှမြင့်သည် သူနာပြုဆရာမများကို ရာထူးတိုးစာမေးပွဲဖြေဆိုခိုင်းခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ဆေးရုံများမှ ဆရာမများအားလုံး ၁၅၀ နီးပါးခန့်ဖြေဆိုကြရပါသည်။  ရာထူးတိုးစာမေးပွဲဖြေဆိုသည့်အခါ ဒေါက်တာလှမြင့်အား ဆရာမတစ်ယောက်လျှင် ငွေကျပ် ၅ သိန်း၊ ၃ သိန်း ထက်မနည်း ပေးခဲ့ကြရပါသည်။ ဒေါက်တာလှမြင့်မှ ထိုငွေများကို လက်ခံကာ ရာထူးတိုးပေးခြင်းများ လုပ်ပေးခဲ့ပါသည်။ သို့သော် ဆရာမ အယောက် ၃၀ လောက် ကျန်သောအခါ ဒေါက်တာလှမြင့်မှ နေပြည်တော်သို့ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ ညွှန်ကြားရေးမှူးရာထူးသို့ အဆင့်တိုးကာ ပြောင်းရွှေ့ခဲ့ပါသည်။

  ရာထူးတိုးပေးသောအခါတွင်လည်း ငွေပိုပေးသော သူများကိုသာ အဓိကထား တိုးပေးခဲ့ပါသည်။ ၎င်းနေပြည်တော်သို့ ပြောင်းသွားသောအခါ ကျန်နေသောဆရာမများကို ရာထူးတိုးမပေးဘဲ ပြောင်းရွှေ့သွားပါသည်။ ထိုဆရာမများထံမှ ယူထားသောငွေများကိုလည်း လုံးဝ ပြန်ပေးခြင်း မရှိခဲ့ပါ။ ဆရာမများအနေနှင့်မူ ဒေါက်တာလှမြင့်အား ပေးသောငွေများမှာ ချေး ငှား ရှာဖွေ ပေးခဲ့ရခြင်းဖြစ်ပါသည်။ ဤကိစ္စများအားလုံးကို တိုင်းကျန်းမာရေးဦးစီးဌာနမှာရှိသည့် သူနာပြုဌာနမှ ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနများမှ ၀န်ထမ်းများအားလုံး သိရှိပြီးသားဖြစ်ပါသည်။ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါသည်။

  တိုင်းကျန်းမာရေးဦးစီးဌာနမှူးအသစ်ဖြစ်သော ဒေါက်တာအေးကိုကိုအား ဆရာမများအနေနှင့် တင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့သော် ဒေါက်တာအေးကိုကိုမှ သူ့လက်ထက်တွင် သူ့အား ငွေများပေးထားခြင်းမရှိသည့်အတွက် တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိခဲ့ပါ။ ဒေါက်တာလှမြင့်မှ ယခင်ကလည်း ငွေရေး ကြေးရေးနှင့် ပတ်သတ်၍ ခရမ်းမြို့နယ်မှ တိုင်ကြားခြင်း ခံခဲ့ရပါသည်။ သူနှင့်အတူ အတိုင်ခံရသော ခရမ်းမြို့နယ်ဆရာဝန် ဒေါက်တာမြင့်စိုးအား အရေးယူခဲ့သော်လည်း အဓိကကျသော ဒေါက်တာလှမြင့်အား လူကြီးများမှ လုံးဝ အရေးယူခြင်း မရှိဘဲ ရာထူးပင်တိုးပေးခဲ့ပါသည်။
  ဤသို့ဖြင့် ရာထူးတိုးလျှောက်ခဲ့၍ ဒေါက်တာလှမြင့်အား ပိုက်ဆံပေးခဲ့ရသော ဆရာမများ၏ဒုက္ခကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ လူကြီးများ သိစေရန် တင်ပြအပ်ပါသည်။

သူနာပြုဆရာမတဦး

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။