Thursday, June 7, 2012

“အခါ”လူမျိုးများနှင့်ပူးပေါင်းကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်မည်ဟု (၈၈)မျိုးဆက်ဆို

ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် “အခါ”လူမျိုးများနှင့် လက်တွဲကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများ၏ တာချီလိတ်ခရီးစဉ်က သိရှိရသည်။
 
 
ဇွန်လ(၆)ရက်နေ့က (၈၈)မျိုးဆက်ကျောင်းသားများအနေဖြင့် အခါလူမျိုးများနှင့်အခါဈေးတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
 
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့်နေရာများတွင် အခါလူမျိုးများ၏ ရိုးသားမှုအား  အခွင့်ကောင်းးယူ ကာ မသမာသူများက မူးယစ်ဆေးရောင်းဝယ်ခိုင်းခြင်းရှိနေကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ၏   ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ထွက်ခွာခဲ့သော တာချီလိတ်ခရီးစဉ်က  သိရှိရခြင်းဖြစ်သည်။
 
 “အခါ" လူမျိုးတွေကို မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာမှာ အသုံးချနေကြောင်း ကျွန်မတို့ကြားသိရပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို သာမာန်ဈေးရောင်းဈေးဝယ်တယ်လို့ပဲ၊ သူတို့စိတ်ထဲမှာ သိတယ်။ ဒါကြောင့် ကျွန်မတို့ (၈၈) မျိုးဆက်ကျောင်းသားများက အခါလူမျိုးတွေကို အသိပညာဗဟုသုတ မြင့်မာလာဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားမှာပါ ” ဟု (၈၈) မျိုးဆက်ကျောင်းသူ တစ်ဦးဖြစ်သူ မမီးမီးက ပြောသည်။
 
အဆိုပါ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက တာချီလိတ်ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ဟောပြောပွဲ သို့ အခါလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုး (၁၀၀)ဝန်းကျင်ခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း ၄င်းက ဆက် လက်ပြောကြားသည်။
 
ဇွန်လ(၄)ရက်နေ့တွင် (၈၈)မျိုးဆက်ကျောင်းသားများက  ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် တာချီလိတ်မြို့သို့ ရောက်ရှိကာ  မြို့ခံတိုင်းရင်းသားများနှင့် လက်ရှိဒီမိုကရေစီလမ်းကြောင်းအတွက် အပြန် အလှန်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 
 ဇွန်လ(၅)ရက်နေ့တွင် ဒါရိုက်တာကြည်ဖြူရှင်ဦးဆောင်သည့် အနုပညာရှင်များနှင့် (၈၈)မျိုးဆက် ကျောင်းသား များသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ခိုက်ရန်ဖြစ်ပွားမှုများ ဆက်လက် မဖြစ်စေရန် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ မှုများလည်း ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
(၈၈)မျိုးဆက်ကျောင်းသားများအနေဖြင့် ဇွန်လ(၆)ရက်နေ့ နေ့လည်(၂)နာရီတွင် တာချီလိတ်မြို့မှ   ငြိမ်းချမ်း   ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် မန္တလေးမြို့သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။