Thursday, June 7, 2012

သီလ၀ါ စက်မှုဇုန် ဆုလတ်ရတနာ အထည်ချုပ်စက်ရုံ လုပ်ခတိုးဖို့ ဆန္ဒပြ

အလုပ်သမားအရေး ဆွေးနွေးအဖြေရှာနေစဉ်
ဇွန်လ ၆ ၊ ၂၀၁၂ -YPI

သီလ၀ါ စက်မှုဇုန်ရှိ ဆုလတ်ရတနာ အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးတို့တောင်းဆို ဆန္ဒပြလျှက်ရှိသည်ဟု ဆန္ဒပြ အလုပ်သမားများက ပြောသည်။


  “ကျွန်တော်တို့ ဒီနေ့မနက်မှာ စပြီး လုပ်ခလစာနဲ့ အလုပ်သမားအခွင့်အရေး ရဖို့ တောင်းဆိုပြီး ဆန္ဒပြတာပါ။ အလုပ်သမားဦးစီးမှူးရုံးကို အကြောင်းကြားထားတယ်၊ ကျွန်တော်တို့ကလည်း ကိုယ်စွမ်းရှိသရွေ့လုပ်တာ အတွက် လုပ်ခရဖို့ပါ ” ဟု အလုပ်သမားတဦး က ပြောသည်။
ယင်းစက်ရုံရှိ အလုပ်သမားများ၏ လက်ရှိလစာမှာ အနိမ့်ဆုံး စီအဆင့်ရှိသူအဖို့ နေ့ကြေး ၄၀၀ ကျပ်နီးပါးမှ အမြင့်ဆုံး အေအဆင့်အဖို့ ကျပ် ၅၀၀ နီးပါး ရရှိသည်ဟု စက်ရုံအလုပ်သမားများက ဆိုသည်။ ယင်း နေ့ကြေးနှုန်းနှင့် အခြားသော ခံစားခွင့်များ အပါအ၀င် တလကို ကျပ် ၄ သောင်းမှ အများဆုံး ၆ သောင်းအထိ ရရှိနေသည်ဟုလည်း ၎င်းတို့ကဆိုသည်။
ဆန္ဒပြ အလုပ်သမားများ တောင်းဆိုချက်အရ ယခုလတွင် ကျပ်တသောင်း တိုးပေးရန်နှင့် နောက်သုံးလအတွင်း ကျပ် ၃ သောင်းကို တဖြည်းဖြည်းချင်း တိုးပေးသွားရန် တောင်းဆိုထားသည်။
ယင်းစက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်ရှိပြီး အားလုံးနီးပါး ဆန္ဒပြလျှက်ရှိသည်ဟုလည်း ပြောသည်။ ယင်းအထည်ချုပ် စက်ရုံမှာ ကိုးရီးယား နိုင်ငံသားပိုင်ရှင် ဖြစ်သော်လည်း မြန်မာအမည်ခံ ဒေါ်နီနီထက်ခိုင် ပိုင်အထည်ချူပ်စက်ရုံဖြစ်သည်။
အလုပ်သမားရုံးသို့ အကြောင်းကြားထားသော်လည်း နေ့ခင်း ၁၂ နာရီဝန်းကျင်ထိ လာရောက်ခြင်း မရှိသေးကြောင်း သိရသည်။


Yangon Press International  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။