Thursday, June 7, 2012

ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာတွင် ရေရိုးပိတ်နေသောကြောင့် စိုက်ခင်းများ ရေလျှံမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရ



5104
ရေရိုးကို ကန့်လန်ဖြတ် သွယ်တန်းထားသော ပိုက်လိုင်းနေရာကို ဇွန်လ ၁ ရက်နေ့ကတွေ့ရစဉ်
တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ခုံစုနှင့် ရှားတောကျေးရွာများ အနီးမှ ဖြတ်သန်းသွားကြောင်း၊ ခုံစု ကျေးရွာအနီး ထောက်ရှာပင်နှင့် ကျစ်ခင်စိုက်ခင်းများကို ဖြတ်သန်းရာတွင် ထိုစိုက်ခင်းများ၏ ရေနုတ်မြောင်းသဖွယ် တည်ရှိနေသော ကျစ်ရိုးကို ကန့်လန့်ဖြတ်ပိတ်၍ သွယ်တန်းထားကြောင်း သိရသည်။

ထို့ကြောင့် ထိုစိုက်ကွင်းနှစ်ခု အတွင်းရှိ ငရုတ်စိုက်ခင်း ဧက၂၀၀ ခန့်မှာ မိုးရွာလျှင် ရေထွက်ပေါက် မရှိဘဲ ရေလျှံခံရမည်ကို စိုက်ခင်းပိုင်ရှင်များ စိုးရိမ်နေရကြောင်း သတင်း ရရှိသည်။ ထိုကျစ်ရိုးအနီး ပိုက်လိုင်း လုပ်ငန်းများလုပ်ကိုင်နေစဉ်က ဒေသခံ တောင်သူများမှ ရေရိုးတွင် ရေထွက်ပေါက်အဖြစ် ခုံးခံ၍ပြုလုပ်ပေးရန် ပြောဆိုခဲ့သော်လည်း လုပ်ငန်းလုပ်ကိုင်သော တရုတ်လူမျိုးများတွင် မြန်မာစကားပြန်များ မရှိခဲ့သောကြောင့် အဆင်မပြေခဲ့ကြောင်း သိရသည်။
“ဒီရိုးထဲက ကျွန်တော်တို့ငရုတ်စိုက်ခင်းတွေက ရေတွေတင်မဟုတ်ဘဲ ရိုးအထက်မှာရှိတဲ့ လယ်ကွင်း တွေထဲက နှုတ်ထုတ်လိုက်တဲ့ရေတွေ ပါစီးဝင်တာပါ၊ မိုးတွင်းရိုးရေကျတဲ့ အချိန်ဆို ရေကလူတစ်ရပ်စာမကဘဲ စီးလာလေ့ရှိပါတယ်၊ အခုရိုးကို ကန့်လန့်ဖြတ်ကြီး ပိုက်လိုင်းက ဖြတ်ထားတော့ ရေကိုတားထားသလို ဖြစ်နေပြီး စိုက်ခင်းတွေထဲကို လျှံဝင်လာတော့မှာပါ၊ သူတို့ပိုက်လုံးတွေ မြေဖို့တော့ တရုတ်တွေချည်းပဲလာ လုပ်တာဆိုတော့ ကျွန်တော်တို့ပြောတာလည်း သူတို့က နားမလည်ဘဲ ဒီအတိုင်းထားသွားတာပါ”ဟု ခုံစုကျေးရွာမှ ငရုတ်စိုက်တောင်သူတစ်ဦး က ပြောကြားသည်။
ထိုရေရိုး၏၀န်းကျင်ရှိ စိုက်ခင်းများတွင် ငရုတ်ကို အဓိကစိုက်ပျိုး လေ့ရှိပြီး စားတော်ပဲ၊ ကုလားပဲနှင့် ပဲလွန်းများလည်း စိုက်ပျိုးလေ့ရှိ ကြောင်းသိရသည်။ “မိုးဦးကျပြီးတာ နဲ့ ငရုတ်စိုက်ဖို့ ပြင်ဆင်ကြတော့မှာပါ၊ ငရုတ်ကတစ်ဧကကို အရင်း ကျပ်ငါးသိန်းလောက် ကုန်ကျတော့ ကျွန်တော့်စိုက်ခင်း ငါးဧကအတွက် ကို အရင်း မထည့်ရဲပါဘူး၊ ဒီလိုသာ ရိုးပိတ်နေရင် မိုးရွာတာနဲ့ ရေကစိုက်ခင်းတွေထဲ လျှံတက်လာမှာ သေချာပါတယ်၊ ငရုတ်တင် မဟုတ်ပါဘူး။ အခြားသီးနှံလည်း မစိုက်ရဲပါဘူး” ဟု ရေရိုးအနီးမှ စိုက်ခင်းပိုင်ရှင် တစ်ဦးက ပြောကြားသည်၊
ပိုက်လိုင်းဖြတ်သန်းမည့် စိုက်ခင်းဧရိယာများအတွက် လျော်ကြေးပေးရာတွင် မြေအမျိုးအစားနှင့် စိုက်ပျိုးသည့် သီးနှံတူညီသော်လည်း လျော်ကြေးသတ်မှတ်မှုများ မတူညီခဲ့ကြောင်း သိရသည်။ ထို့အပြင် သတ်မှတ်ဧရိယာထက် ပိုမိုဆုံးရှုံးမှုများ ရှိခဲ့ကြောင်း၊ ပိုက်လိုင်းများမြေဖို့ပြီး ချိန်တွင် မြေစာပုံများ ကျန်ရှိခဲ့သောကြောင့် စိုက်ခင်းများအတွင်း ရေ၀ပ်မည်ကိုလည်း စိုးရိမ်နေရကြောင်း သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။