Thursday, June 7, 2012

 လုပ်ငန်းရှင်တို့၏ သတ်မှတ်စည်းကမ်းများထက် ကျော်လွန်ကာ လုပ်ကိုင်နေမှုကြောင့် ကျေးလက်ဒေသများတွင် နွားရှားပါးမှုများ ဖြစ်ပွားလာနိုင်

လုပ်ငန်းရှင်တို့၏ သတ်မှတ်စည်းကမ်းများထက် ကျော်လွန်ကာ လုပ်ကိုင်နေမှုများကြောင့် ကျေးလက်ဒေသများတွင် နွားရှားပါးမှုများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရှိရပါသည်။

''ကျွန်တော်တို့ ဇလွန်ကို လုပ်ငန်းရှင်တစ်ယောက်လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်လာပြီး အမဲနဲ့ပတ်သက်ပြီး လုပ်ငန်းတစ်ခုကို လုပ်ပါတယ်။ သက်ဆိုင်ရာက ဇလွန်မြို့က ပိုလျံတဲ့ အသားတွေကို အသားခြောက် လုပ်ပိုင်ခွင့်ပေးထားပေမယ့် စည်သွပ်လုပ်ငန်း ပြုလုပ်ဖို့ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ အင်္ဂပူစတဲ့ မြို့နယ်လေးခုက နယ်ကျော်ပို့လာတဲ့ အမဲတွေကို ဇလွန်မှာစုပြီး တရုတ်ကို နှစ်ရက်ခြားတစ်ကြိမ်၊ သုံးရက်ခြား တစ်ကြိမ်လောက် တင်ပို့ပါတယ်။ မြို့နယ်လေးခုက နေ့စဉ်တစ်နေ့ကို နွားကောင်ရေနဲ့ ပြောမယ်ဆိုရင် နွားကောင်ရေ ၅၀ ၀န်းကျင်၊ ပိဿာချိန်နဲ့ ပြောမယ်ဆိုရင် ပိဿာချိန် ၃၀၀၀လောက်ဇလွန်ကိုတင်ပို့ ပါတယ်''ဟု လုပ်ငန်း လုပ်ကိုင်နေသူနှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။

''တောင်သူတွေ စပါးဈေး၊ ပဲ ဈေးကမကောင်းတော့ အခက်အခဲတွေရှိတဲ့အတွက် လယ်ယာလုပ်ငန်းမှာ အဓိကအားကိုးရတဲ့ နွားတွေကို ရောင်းလာကြပါတယ်။ ငွေရေး၊ ကြေးရေး အခက်အခဲရှိလို့ ပြန်ရောင်းကြတာ များတဲ့အတွက် အမြန်ရောင်းလို့လွယ်ပြီး ချေးမများတဲ့ သားသတ် နေရာတွေကိုပဲ ရောင်းလာကြတာ များလာပါတယ်။ နောက်ပိုင်းမှာ နွားရှားပါးမှုတွေဖြစ်လာမှာကိုပါ စိုးရိမ်လာရပါတယ်''ဟု ကျေးရွာတွင် နေထိုင်သူဒေသခံတစ်ဦးက ပြောကြားသည်။

''ဇလွန်မြို့မှာဆိုရင် မြို့မမှာ အမဲသတ်ကောင်ရေကို တစ်နေ့ တစ်ကောင် သတ်မှတ်ထားပေမယ့် မြို့မမှာ တစ်နေ့ကို ခုနစ်ကောင်ကနေ ၁၀ ကောင်အထိ သတ်နေပါတယ်။ တောဘက်မှာဆိုရင်လည်း အမဲသတ်ကောင်ရေကို သုံးရက်တစ်ကောင် သတ်မှတ်ထားပေမယ့် တစ်ရက်ကို သုံးကောင်လောက် သတ်နေပါတယ်။ ဇလွန်နယ်ဘက်မှာ လိုင်စင်သတ်မှတ်ထားတဲ့ နေရာမှာသတ်ဖြတ်ခြင်း မပြုဘဲအခြားနေရာမှာ သတ်ဖြတ်မှုတွေ ရှိနေပါတယ်''ဟု လုပ်ငန်းလုပ်ကိုင်နေသူနှင့် နီးစပ်သူတစ်ဦးက ပြောကြားပါသည်။                  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။