Thursday, June 7, 2012

တရုတ်နယ်စပ် ဖီမော်တွင် ဆရာများ ပြန်မလာသေး၍ အစိုးရကျောင်းများ မဖွင့်လှစ်နိုင်

တရုတ်- မြန်မာနယ်စပ်ရှိ နယ်ခြားစောင့်တပ်တည်ရှိသော ပန်ဝါမြို့နယ် ဖီမော်(HpiMo) မြို့တွင် အစိုးရ အခြေခံပညာ သင်ကျောင်းများ ဖွင့်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
 

မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ကြား မေလဆန်းမှစတင်ကာ ပန်ဝါမြို့တွင် စစ်ဖြစ်ပွားလာပြီးနောက်ပိုင်း   ကျောင်းဆရာ၊ ဆရာမများသည် မိမိဒေသသို့ ပြန်သွားခဲ့ရာမှ ယခုတိုင် ရောက်ရှိခြင်းမရှိသောကြောင့်   ကျောင်းမဖွင့်နိုင်သေးခြင်းဖြစ်    သည်ဟု ဖီမော် ဒေသခံများက ဆိုသည်။

 
 “ဆရာမတွေအခု ချိန်ထိရောက်မလာတာ လမ်းခရီးမှာ တိုက်ပွဲတွေ ဖြစ်နေလို့ သူတို့ရဲ့လုံခြုံရေးစိတ်မချလို့ ဒီဘက်ကို မလာတာပဲ ဖြစ်နိုင်တယ်” ဒေသခံ ဦးဆိုင်းအောင်က ပြောသည်။
 

အခြေခံပညာအလယ်တန်းကျောင်းခွဲ ဖီမော်(HpiMo)တွင် နှစ်စဉ်ကျောင်းသားဦးရေ (၂၃၀) ကျော်ရှိပြီး ဆရာမ(၁၂)ဦးဖြင့် ပညာသင်ကြားနေခြင်း ဖြစ်သည်။ ယခုမူ အဆိုပါကျောင်းတွင် ဒေသခံကျောင်းဆရာမ(၂) ဦးနှင့်သာ   ပြန်လည်ရောက် ရှိနေကြောင်း သိရှိရသည်။
 
ဖီမော်တွင် ကျောင်းမဖွင့်နိုင်ခြင်းကြောင့် ကျောင်းအုပ်ဆရာကြီးသည် ရပ်ရွာလူကြီးများနှင့် ဆွေးနွေးမှုများ   ပြုလုပ်ပြီး ကျောင်းဆရာမများအား တရုတ်ပြည်မှ ခေါ်ယူသင်ကြားရန် စီစဉ်နေကြောင်း  သိရှိရသည်။
 

“ကျွန်တော်တို့ ဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ရပ်ကွက်လူကြီးတွေနဲ့ ဆွေးနွေးပြီး ဆရာမတွေ   လောလောဆယ် အမြန်ရောက်ရှိနေဖို့အတွက် လုပ်နေပါတယ်။” ဟု ဖီမော်ကျောင်းအုပ်ဆရာကပြောသည်။
 
တရုတ်ပြည်နယ်စပ်ရှိ ကျောင်းဆရာ၊ ဆရာမများအား အကူအညီတောင်းထားသော်လည်း ပညာသင်ကြားမှု စနစ်ကွဲလွဲမည်ကို စိုးရိမ်နေကြောင်း ဖီမော် ကျောင်းအုပ်ဆရာကြီးက ဆက်ပြောသည်။
 

မြန်မာနိုင်ငံ၏ အစိုးရအခြေခံပညာကျောင်းများသည် ဇွန်လ(၁)ရက်နေ့မှစတင်ကာ စာသင်ကြားနေပြီ ဖြစ်သော် လည်း ကချင်ပြည်နယ်ရှိ စစ်ဖြစ်ပွားနေသော နေရာဒေသအချို့တွင် ကျောင်းများ မဖွင့်နိုင်သေးကြောင်း ကိုလည်း သိရသည်။
 
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။