Thursday, June 7, 2012

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း စတင်ပြောင်းလဲ ပြေးဆွဲလာ

5105
မိုးရွာသွန်းမှု စတင်လာပြီဖြစ်သဖြင့် ကလေးဝ-ယာကြီး-မုံရွာလမ်း၌ သွားလာမှုများ ပြတ်တောက်ခဲ့စဉ်
ချင်းတောင်နှင့် ချင်းတောင်ခြေ ဒေသများတွင် မိုးရွာသွန်းမှု စတင်လာပြီဖြစ်သဖြင့် ကလေးဝ- ယာကြီး-မုံရွာလမ်းမှာ သွားလာမှုများ ပြတ်တောက်ခဲ့ပြီး ကလေးမြို့- ဂန့်ဂေါ- မုံရွာ-မန္တလေးလမ်း ကြောင်းကို ပြောင်းလဲပြေးဆွဲလာသည်ဟု သိရှိရပါသည်။

“ယာကြီးလမ်းက မိုးကျလာရင် မသွားတော့ဘူး။ လမ်းမှာကားတွေ ပိတ်မိကုန်တယ်။ ဒါကြောင့် ဂန့်ဂေါလမ်းဘက်ကနေပြီး လမ်းကြောင်းပြောင်းလဲ ပြေးဆွဲနေတာပါ။ မေလကုန်၊ ဇွန်လဆန်းမှာ ချင်း တောင်၊ ချင်းတောင်ခြေနဲ့ ကဘော် ဒေသတွေမှာ မိုးစတင်ရွာသွန်းပြီး မိုးရွာသွန်းမှုကလည်း တော်တော်များတယ်။ နယ်စပ်မှာကလည်း အရောင်းအ၀ယ်တွေကခပ်အေးအေး ဖြစ်နေပါတယ်။ ငွေလဲနှုန်းတွေ ကျလာတော့ အရောင်းအ၀ယ်လုပ်ရတာ သိပ်တွက်ခြေမကိုက်ဘူး”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောပါသည်။
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ် ရေး၏သွားလာမှုမှာ ပွင့်လင်းရာသီ ကာလအတွင်းတွင် တမူး- ကလေးဝ-ယာကြီး-မုံရွာ- မန္တလေးလမ်းကို အသုံးပြုခဲ့သော်လည်း မိုးရွာသည်နှင့် တစ်ပြိုင်နက် တမူး-ကလေးမြို့-ဂန့်ဂေါ-မုံရွာ- မန္တလေးမြို့လမ်းကို ပြန်လည် အသုံးပြုလာရသည်။
“ယာကြီးလမ်းဘက်က လမ်းကြောင်းတိုတယ်။ ကားမောင်းချိန်လည်း နည်းတယ်။ ဂန့်ဂေါလမ်း ဘက်က ပတ်သွားမယ်ဆိုရင် မိုင်အရေအတွက်နဲ့ဆိုရင် မိုင် ၅၀ ကျော် လောက်ပိုပြီး အချိန်နဲ့ဆိုရင် လေး၊ ငါး၊ ခြောက်နာရီလောက် ပိုမယ်ထင်တယ်။ ကားသမားတွေအနေနဲ့လည်း ကားမောင်းရတာမလွယ်သလို၊ စီးရ တဲ့ ခရီးသည်တွေအနေနဲ့လည်း ခရီးတော်တော် ပင်ပန်းပါတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဇွန်လ၁ရက်နေ့တွင် မန္တလေး မြို့မှထွက်လာသော လိုင်းကားများ အဆိုပါ မုံရွာ-ဂန့်ဂေါလမ်းတွင် ကုန်တင်ကားတစ်စီး ပိတ်ဆို့မှုကြောင့် ကားအ၀င်နောက်ကျခဲ့သည် ဟု ခရီးသည်တင်ယာဉ်လိုင်းတစ်ခု မှ သိရသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။