Thursday, June 7, 2012

 ပျော်ဘွယ်မြို့ စည်ပင်သာယာ အမှတ်(၁)ဈေးအတွင်း မီးလောင်ကျွမ်း


ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ပျော်ဘွယ်မြို့စည်ပင်သာယာ အမှတ်(၁)ဈေးအတွင်း ပိုင်းမီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၂၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ပျော်ဘွယ်ဈေး မီးလောင်ကျွမ်းမှုကို  မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့များမှ မီးသတ်ကား ၁၀ စီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှုမှာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

''ဒီနေ့က လပြည့်ဥပုသ်နေ့မို့လို့ ဈေးပိတ်တယ်။ မီးလောင်တာက ဈေးရုံးဘေးနားက ဆိုင်တန်းတွေက စလောင်တာ၊ ပရဆေးဆိုင်ကော၊ လူသုံးကုန်ဆိုင်ကော၊ ဆိုင်ခန်းအစုံ ပါသွားတယ်။ မီးကြွင်း မီးကျန်ဆိုရင်လည်း မနက်ပိုင်း လောင်သင့်တယ်၊ ၀ါယာရှော့ဖြစ်ရအောင်လည်း လောင်တဲ့ဆိုင်ခန်းတွေက လျှပ်စစ်မီးမရှိဘူး။ မနက်ခင်းပိုင်းကတော့ ဈေးစည်ပင်က ဈေးကိုဝင်စစ်တယ်။ အခု ဘယ်က လောင်မှန်းမသိလို့ စလောင်တယ်လို့ ယူဆရတဲ့ ပရဆေး ဆိုင်ပိုင်ရှင်ရော၊ မနက်ကဈေးဝင်စစ်တဲ့ စည်ပင်ဝန်ထမ်းတွေပါ ခေါ်စစ်နေတယ်။ ဘယ်သူကြောင့်လောင်လည်းဆိုတာတော့ မသဲကွဲသေးဘူး''ဟု  ပျော်ဘွယ်မြို့ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

''ကျွန်မတို့ ပျော်ဘွယ်ဈေးမီး လောင်တယ်ကြားလို့ မိတ္ထီလာက ချက်ချင်းပြန်လာတာ၊ ပျော်ဘွယ်မြို့ ထဲရောက်မှ ရထားသံလမ်းစောင့် ရတာ ၁၅မိနစ် ကြာသွားတယ်။ တကယ်လို့ မီးသာ ဆက်လောင်နေရင် ရထားသံလမ်း ပိတ်နေတာနဲ့ ကုန်ပြီ။ မီးငြိမ်းသွားလို့ တော်သေးတယ်။ ကျွန်မဆိုင်တော့ ပါမသွားဘူး။ ပရဆေးဆိုင်က စတယ်လို့လည်း ပြောတယ်။ မနက်ခင်းက စည်ပင်ဝန်ထမ်းငါးဦး ဈေးထဲဝင်ပြီး စစ်ဆေးရေး လုပ်သေးတယ်။ ဘယ်သူ့ကြောင့် လောင်လဲဆိုတာ တာဝန်ရှိတဲ့လူတွေ ခေါ်စစ်နေတာတွေ့ခဲ့တယ်'' ဟု ပျော်ဘွယ်ဈေးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင် တစ်ဦးက ပြောကြားသည်။

မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

1 comment:

  1. လောင်လိုက်တဲ.မီးမိုးတွင်းတောင်လောင်တုန်းနော်

    ReplyDelete

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။