Saturday, May 5, 2012

ငြိမ်းချမ်းရေးဆောင်ရွက်နေသော အစိုးရခေါင်းဆောင်များအား ထပ်မံပြောင်းလဲသင့်ဟု ကချင့်အရေး ဆောင်ရွက်နေသူများဆို

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် မြန်မာအစိုးရတပ်မတော်ကြားငြိမ်းချမ်းရေး အကျိုးဆောင်ရွက်နေသည့် အစိုးရအဖွဲ့ခေါင်းဆောင်များအား ထပ်မံပြောင်းလဲသင့်ကြောင်း ကချင်အရေးဆောင်ရွက်နေသူများထံက သိရှိ ရသည်။
 
“ငြိမ်းချမ်းရေး ဖော်ဆောင်မှုက တပ်မတော်သားတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေပဲ ပါနေတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ အစိုးရဘက်က ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့ပဲ ပြောနေတယ်။ ဒီလူတွေ ပါနေသ၍ နှစ်ဖက် ယုံကြည်မှုကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ  မဟုတ်ဘူး။” ဟု အင်ဂျန်းယန် ပြည်သူ့လွှတ်တော် ဒေါ်ဒွဲဘူက ပြောသည်။
 

ယခင် KIOနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့် အဖွဲ့မူ ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ဖြစ်ပြီး၊ အစိုးရမှ တရားဝင် မကြေငြာသေးသည့် ထပ်မံဖွဲ့စည်းမည်ဖြစ်သော ဒုသမ္မတ စိုင်းမောက်ခမ်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် မြစ်ကြီးနား ပြည်သူ့လွှတ်တော် ဦးသိန်းဇော်တို့  ပါဝင် ကြောင်း လွှတ်တော်အသိုင်းအဝိုင်းက ထွက်ပေါ်သော သတင်းများအရ သိရသည်။
 
ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အား ပြုပြင်ပြောင်းလဲသင့်ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် တစ်ဦးက ယခုကဲ့သို့ အကြံပြုပြောဆိုသည်။
 
 “ငြိမ်းချမ်းရေးဆွေးနွေးတဲ့အကြောင်းအရာကို အထက်က သိလား မသိဘူးလား မသိရဘူး။ ဒီလူတွေကို မယုံဘူး။ အခြား အဖွဲ့ပြောင်းဖွဲ့ရင်တော့ ကောင်းတယ်။ ခုအသစ် ဖွဲ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တော့ ဘာမှ မဆွေးနွေး အကြောင်းမပြန်ကြသေးဘူး။” ဟု ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ဆိုသည်။
 
နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲပင် တိုက်ပွဲများ ယခင်ထက်ပိုမိုပြင်းထန်လာခြင်းသည် KIOနှင့် မြန်မာအစိုးရတပ်ကြား ယုံကြည်မှုတည်ဆောက်နိုင်ရန်ခက်ခဲသဖြင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့များပြောင်းလဲပြီး နှစ်ဖက်ပြန်လည်   ဆွေးနွေးသင့်ဟု ပြည်ထောင်စုလွတ်တော် တွင်းတက်ရောက်နေသော ကချင်ကိုယ်စားလှယ်များထံက သိရသည်။
 
မြန်မာနိုင်တွင် ဦးအောင်မင်းခေါင်းဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟု နှစ်ဖွဲ့ရှိသည်။
 
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းထံ မေလ (၂) ရက်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်များ၌ စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ အစား ဥပဒေပြုတိုင်းရင်းသားပေါင်းစုံပါသည့် ပါတီအဖွဲ့များ အစားထိုးလဲလှယ်သင့်ကြောင်း တိုင်ရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက တင်ပြတောင်းဆိုထားသည်ဟု သိရသည်။
 
ပြီးခဲ့သည့် မေလ (၃) ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းနှင့် ILO တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ပြောင်းလဲသင့်သည့်အကြောင်း ဆွေးနွေးခဲ့သည် ဟု သိရသည်။
 
“ဥက္ကဋ္ဌက ILO နှင့် တွေ့ဆုံတဲ့အခါ ဒီအကြောင်းတွေကို ဆွေးနွေးတယ်။ သမ္မတနှင့် တွေ့တဲ့အချိန်မှာလည်း ဆွေးနွေးပေးမယ်လို့   ပြောတယ်။ လက်နက်ကိုင်တွေအားလုံး က ငြိမ်းချမ်းရေးရပြီ။ ကချင်တစ်ခုပဲ ကျန်တော့ တယ်။ ဒါတွေက ငြိမ်းချမ်းရေး ဆွေးနွေးတဲ့   ခေါင်းဆောင်တွေက အရေးကြီးတယ်။” ဟု ဒေါ်ဒွဲဘူက ဆက်ပြော သည်။
 
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက်(၁၀) ဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် KIO တစ်ဖွဲ့သာ ကျန်ရှိတော့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။