Saturday, May 5, 2012

တိုင်းသာသနာရေးဝန်ကြီးက ကံဘဲ့ရှိ စန္ဒီမယ်တော်မီးနင်းပွဲအား ဆက်လက်ကျင်းပခွင့်ပြု

မေ (၅)ရက် ၊ ရန်ကုန်မြို့။

ရန်ကင်းမြို့နယ်၊ ကံဘဲ့လမ်းရှိ စရီပေရီယနာယဂီအမ္မာန်(စန္ဒီမယ်တော်ကြီး)မီးနင်းပွဲအား သတ်မှတ်ရက်အတွင်း ဆက်လက်ကျင်းပရန်နှင့် အနီးအနားရှိ ဈေးဆိုင်ခန်း (၁၆)ခန်းကို ဖျက်သိမ်းခြင်းမပြုလုပ်ရန်  ရန်ကုန်တိုင်းသာ သနာရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

 
“ဆိုင်ခန်းတွေကိုဖျက်ဖို့ မဖျက်ဖို့ကို နောက်မှဆွေးနွေးမယ်တဲ့ ဆိုင်ခန်းတော့ လောလောဆယ် မဖျက်ဘူး၊ မီးနင်းတာကိုတော့ ခွင့်ပြုသွားမယ်လို့ ဒေါက်တာမြင့်သိန်းက ပြောသွားတယ်” ဟု ကံဘဲ့လမ်းရှိ ဈေးသာယာ ရေး ဥက္ကဌဦးရွှေလင်းက ပြောသည်။

နှစ်စဉ်ကျင်းပခဲ့သော စရီပေရီယနာယဂီအမ္မာန် (စန္ဒီမယ်တော်ကြီး) မီးနင်းပွဲစဉ်တိုင်းတွင် အနီးအနားရှိ ဈေးဆိုင် ခန်းပေါင်း (၁၆)ခန်းကို ခေတ္တဖျက်သိမ်းပေးခြင်းကို ဈေးသူဈေးသားများ သဘောတူလက်မှတ် ရေးထိုးခဲ့သော် လည်း ယခုနှစ်တွင်မှ မဖျက်သိမ်းနိုင်ကြောင်းနှင့် ရန်ကင်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂)ဦးမှ မီးနင်းပွဲကျင်းပခြင်းအား ကန့်ကွက်သည့်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြခဲခြင်းကြောင့် သာသနာရေးဝန်ကြီးက လာရောက်ခဲ့ခြင်းဖြစ်သည်။
 
“မီးနင်းပွဲနဲ့ပတ်သက်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တစ်နှစ်တစ်ခါ ဖျက်ပေးမယ်ဆိုတာကို လက်မှတ်ထိုး ထားတယ် အဲ့ဒါကို နှစ်စဉ်လဲ ဖျက်ပေးနေတဲ့အခါမှာ(၄)ရက်နေ့ကို ဖျက်ပေးမယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရုံးမှာ အစည်းအဝေးအမှတ်-၆၂ အရ ကျွန်တော်တို့ဒီနေရာမှာ မီးနင်းခွင့်မပြုဘူးလို့ ကျွန်တော့်ဆီကို အကြောင်းကြားစာ ရောက်လာတယ်။
 
 စုံစမ်းကြည့်တော့ ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် (၂)ဦး ကနေပြီးတော့ သူတို့ဆီကို တိုင်ကြားစာရောက်လာလို့ ကြားတယ်” ဟု မီးနင်းပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးအောင်ဇင်က ပြောသည်။

ရန်ကင်းမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ မီးနင်းပွဲ မကျင်းပရန် ကန့်ကွက်လွှာတင်ရသည့် အကြောင်းအရင်းမှာ မီးလန့်ခြင်း ၊ လမ်းပိတ် ဆို့ခြင်း ၊ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်နိုင်သောကြောင့် စာတင်ရခြင်းဖြစ်သည်။
 
“မီးဘေးစိုးရိမ်ရတယ် ၊ လမ်းပိတ်ဆို့တယ် ၊ ခိုက်ရန် ဒေါသဖြစ်မယ် ဆိုတဲ့ ကိစ္စတွေကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ကျွန်တော့်ဆီကို အကြောင်းကြားစာရောက်လာတယ်။ အဲ့ဒါမျိုးက မဖြစ်နိုင်တာဘာလို့လဲဆိုတော့ ကျွန်တော် ဒီပွဲတာဝန်ခံလုပ်လာတာ အနှစ် ၅၀နီးပါး ရှိနေပြီး တစ်ခါမှ အဲ့လို မဖြစ်ဖူးဘူး “ဟု ၄င်းက ဆိုသည်။
 
ဟိန္ဒူဘာသာဝင်များက မီးနင်းပွဲကို မေလ (၂)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး (၆)ရက်နေ့တွင် မီးနင်းပွဲကျင်းပမည်ကာ ဥပုပ်စောင့်တည်သူနှင့် မီးနင်းသူ ဦးရေ(၁၀၀၀)ကျော် ရှိကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
Shwe Myitmakha Media Group 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။