Saturday, May 5, 2012

မရမ်းကုန်းမြို့နယ်မှ အနုပညာရှင်များ၏ ပြည်သူ့ကိုယ်စားအသံများ

ရှု့မ၀အောင်(မြစ်မခ)
မေ(၅)ရက်၊၂၀၁၂ခုနှစ်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်ထံသို့ မိမိတို့မြို့နယ်ရှိ ပြည်သူများခံစားကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍   မရမ်းကုန်းမြို့နယ်တွင်နေထိုင်သော နာမည်ကျော်အနုပညာရှင်များက ပြည်သူများကိုယ်စား ယခုလို ပြောဆိုခဲ့ကြသည်။




ရည်ရွယ်ချက်(၃)ချက်စလုံး အကောင်ထည်ဖော်စေချင်တဲ့ ထွန်းအိန္ဒြာဗိုလ် (ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်)
 
ကျမတို့နိုင်ငံလို ဖွံ့ဖြိုးစ တိုင်းပြည်မှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒါတွေတစ်ခုခြင်း ဖြေရှင်းနေမယ့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရည်ရွယ်ချက်သုံးချက်ရှိတယ်။ အဲဒီရည်ရွယ်ချက်သုံးချက်ကို အကောင် အထည်ဖော်နိုင်ရင် ကျန်တာတွေဖြေရှင်းပြီးသွား ဖြစ်သွားမှာပါ။   တစ်ခုနဲ့တစ်ခုဆက်စပ်နေတော့လေ။ အချိန်တော့ပေးရမှာပေါ့ ပြီးရင်တော့ကောင်းသွားမှာပါ အလုပ်တွေလည်း အများကြီးလုပ်ရမှာပေါ့။



စားဝတ်နေရေးပြေလည်စေချင်တဲ့ ဆောင်းဦးလှိုင် (အဆိုတော်)
 
မရမ်းကုန်းတင်မကပါဘူး။ တပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ အဓိကအခက်အခဲကတော့ စားဝတ်နေရေး ချောင်လည်   ပြေလည်ရေးပါပဲ။    တပြည်လုံးမှာရှိတဲ့ပြည်သူလူထုပေါ့နော်။ နောက်ပြီးကျန်းမာရေး၊ ပညာရေး အဲဒီကဏ္ဍတွေမြင့်တက် လာဖို့အရေးကြီးတယ်။
 
ဒါကပြည်သူလူထုအတွက် အခြေခံ လိုအပ်ချက်ပဲ။  အခုတော့ ကမ္ဘာစီးပွားရေးကလဲ ကျနေတာပဲလေ။ ဒါပေမယ့်လဲ ကျတော်တို့ဆီမှ အများသူဌာက ဆင်းရဲမွဲတေမှု ပပျောက် ရေးဆိုတဲ့ အစိုးရက ဆင်းရဲမွဲတေးမှု ပပျောက်ရေးဆိုပြီး သတင်းစာထဲတောင် ထည့်ရေးနေကြတာပဲ။
 
ရေးနေကြတယ်ဆိုတော့ သေချာတာက ဆင်းရဲမွဲတေမှုနှုန်းများတယ်ပေါ့။ အခြေခံလူတန်းစား အောက်ခြေလူတန်းစား ကြပ်တည်းလွန်းတယ်။ အဲတော့ မနက်ဖြန်တော့ ကောင်းလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် အမြန်ဆုံးကောင်းလာဖို့လိုတယ်။ အမြဲတမ်းပြောနေကျစကား ဆင်းရဲတွင်းလွတ်အောင် အားလုံး ပေါ့နော်၊ ကျွန်တော်တို့လည်း ၀ိုင်းဝန်းပြီး ကြိုးစားရမှာပေါ့။

 အစိုးရကလဲ လုပ်မယ် လူမှုရေးသမားတွေလည်း လုပ်မယ်။ နိုင်ငံရေးသမားတွေလဲလုပ်ရမှာပေါ့ဗျ။ အားလုံးတော့ လက်တွဲညီညီနဲ့ လုပ်ရမှာပဲလေ။ ချက်ချင်းမဖြစ်နိုင်ဘူးဆိုတာသိပေမယ့် အများပြည်သူရဲ့ ဆင်းရဲတွင်းထဲက လွတ်ရေးကတော့ မြန်လေ   ကောင်းလေပဲလေ။   ဆင်းရဲတွင်းပါဆိုမှ အကြာကြီးကြာနေရင်ဘယ်ကောင်းမလဲ။ မြန်လေကောင်းလေ။ ဒါကိုအားလုံးဝိုင်းကြိုးစားရမယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးပညာရေးမြင့်တက်လာဖို့လဲလိုတာပေါ့။ ပညာရေးမြင့်မားအောင် ပြည်သူလူထုရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ ကိုယ်ရေကိုယ်သွေး၊ စာရိတ္တပိုင်းတွေ ပိုမိုမြင့်တက်အောင်၊ ကျန်းမာရေးကောင်းတော့မှ အားလုံးက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းပြီး လုပ်နိုင်မယ်။

အစ်ကိုတို့တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ ကုန်ဈေးနှုန်းလဲမြင့်တက်နေတယ်။ အဲဒီနှစ်ခုလုံးပဲ ကုန်ဈေးနှုန်းကမြင့်တက်ပေမယ့်လဲ လူထုက အလုပ်လုပ်ပြီးပိုက်ဆံတွေအများရှိရင် မြင့်တဲ့ကုန်ဈေးနှုန်းကို အမှီလိုက်နိုင်တာ့ပေါ့။ အဲလိုတွေးလို့ရတယ်။ အလုပ်ကိုင်အရည်သွေး တွေနည်းနေတယ် ကုန်ဈေးနှုန်းက ကျတယ်ဆိုပေမယ့်လဲ အလုပ်တွေအကိုင်တွေမရှိဘူး။ ၀င်ငွေကို မရှိဘူးဆိုလဲဘယ်လိုမှ ၀ယ်စားနိုင်မှာမဟုတ်ဘူး။
 
ဒီနှစ်ခုက ဆက်စပ်နေတယ် နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေ စားသောက်ကုန် လုပ်ငန်းတွေနဲ့ယှဉ်ပြိုင်မှုတွေ များတော့မှ ကျတော်တို့ဆီမှာက ကုန်ဈေးနှုန်တွေကျလာတော့မှ ပိုပြီးကျလာ နိုင်မယ်။ ကျွန်တော်တို့ဆီမှာက နှစ်ပေါင်းသုံးလေးဆယ် ကုန်ဈေးနှုန်းက သိတဲ့အတိုင်း သင်္ကြန်ဆိုတက်ဖို့ အရေးကြောင်းဆိုတက်ဖို့ ပူတဲ့အခါကျရင် လူထုအသုံးပြုတဲ့ ပစ္စည်းတွေတက်ဖို့ ဒါမျိုးတွေပဲ အမြစ်တွယ်ပြီး အလေ့အကျင့်ကိုဖြစ်နေပြီ။
 
ဒီမှာ တစ်ရာရင်းပြီး တစ်ရာမြတ်ချင်တဲ့သူနဲ့ ၅၀ မြတ်ချင်တဲ့သူနဲ့ ၂၀ မြတ်ချင်တဲ့သူနဲ့ အဲလိုမျိုးဖြစ်နေကြ တယ်ဗျ။ တခြားနိုင်ငံတွေမှာ တစ်ရာရင်းပြီး ၀.၁ ရာခိုင်နှုန်းမြတ်ဖို့တောင် မနည်းကြိုးစား ရတယ်။ မြန်မာနိုင်ငံမှာက လောဘစီးပွားရေးသမားတွေက ၁၀၀ ရင်းပြီးတော့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း လောက် မြတ်ချင်ကြတယ်။
 
သူများနိုင်ငံနဲ့ သွားကွာနေတယ်။ ဒါကိုပြည်သူလူထုက သိဖို့လိုတယ်၊ လုပ်ငန်းရှင်လို့ပြောနေတဲ့ သူတွေကလဲသိဖို့လိုတာပေါ့ဗျာ။ ကမ္ဘာ့အဆင့်မှာ ၀.၁ ရာခိုင်နှုန်းတိုးတက်ဖို့တောင် မနည်းလုပ် နေရတာ အဲလိုသွားကွာနေတော့ လူထုက ၀င်တာကနည်းနည်း အလုပ်ကိုင်အခွင့်လမ်းက နည်းနည်း စားသောက်ကုန်ဈေးနှုန်းကျတော့ လစ်ရင်လစ်သလိုတက်နေတယ်၊ ချက်ချင်းတော့ မဖြစ်နိုင်ဘူးပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေကြီးပဲ တာဝန်ရှိတာမဟုတ်ဘူး။
 
ကျွန်တော်မြင်တာကို ပွင့်ပွင့်လင်းလင်းပြောရရင် လွှတ်တော်ဆိုတာထိုင်စကားပြော နေတဲ့နေရာ တခုပါပဲ။   မူဝါဒတွေ ချမှတ်မယ်။ ဥပဒေတွေရေးဆွဲမယ်။ လက်တွေ့အကောင်အထည် ဖော်ကြတာတော့   အစိုးရရယ် ၀န်ထမ်းတွေရယ်၊ လုပ်ငန်းရှင်ကြီးတွေရယ် ပြည်သူလူထုရယ် ဒီလူတွေက အကောင်အထည်ဖော်ရမှာပါ။ လွှတ်တော်ကလဲ အရေးတော့ကြီးပါတယ်။

ဒါတွေကိုကုစားရမှာပေါ့ ကျွန်တော်ကတော့ ဒါတွေကိုပြောနေတာလူထုအတွက်ပါ။ ကျတော်အတွက်မဟုတ်ပါဘူး။ ကျတော်စားဝတ်နေရေး အထိုက်လျောက်ပြေလည်ပါတယ်။ အစိုးရတစ်ဖွဲ့ထဲ လည်း မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလဲ တာဝန်ရှိတာမဟုတ်ပါဘူး အားလုံးမှာ တာဝန်ရှိတယ်။
 
အမှိုက်ပစ်တာကအစ အဖွဲ့အစည်းအဆုံး လိုအပ်တယ်ပြောတဲ့ အနဂ္ဂ (ဟစ်ဟော့အဆိုတော်)
 
အပေါ်ယံအမြင်ကတော့ မရမ်းကုန်းနဲ့ ပတ်သက်ပြီးတော့ အမှိုက်ပစ်တာတွေကအစ အစိုးရအဖွဲ့ကလဲ လုပ်ဖို့လိုတယ်။ လူထုကလဲလုပ်ဖို့လိုတယ်။ နောက်ပြီးတော့ ထားသင့်တဲ့အဖွဲ့စည်းတွေ အဲဒါတွေလည်း လိုနေတာတော့တွေ့ရတယ်။

 မြို့နယ်တခုမှာ ထားသင့်တာတွေ ဆက်လက်လုပ်ဆောင်မယ့်ဟာတွေ အလုပ်ဆိုင်ရဆိုင်ရာ အဖွဲ့စည်းတွေရှိသင့်တယ် လို့မြင်တယ်။ ဈေးတွေမှာ သန့်ရှင်းဖို့လိုတယ်၊ ရောင်းတဲ့သူတွေက သန့်ရှင်းဖို့လည်း အရေးကြီးတယ်။ ဒါတွေကြီးကြပ်ဖို့လိုတယ်။ အလုပ်သမားတွေဘက် ကလည်း ကာကွယ်ပေးဖို့ဥပဒေတွေလိုတယ်။

 ပထမဆုံးအနေနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပြသာနာတက်နိုင် မယ့် ၈ မိုင်မီးပွိုင့်ထိပ်မှာ ပြသာနာတက်နိုင်တယ်။ ဒီလမ်းပန်းဆက်သွယ်ရေးကို ထောင့်စိကွက်စိပြန်လုပ် ကြမယ်ဆိုရင် တံတားထိုးမှာလား?၊ ဂုံးကျော်တံတားထိုးမှာလား?၊ မိုးပျံတံတားထိုးမှာလား?၊ မြေအောက် တံတားထိုးမှာလား?၊ အစီစဉ်တရပ်အနေနဲ့ နိုင်ငံတော်ပရောဂျက်တရပ်အနေနဲ့   သေချာလုပ်သင့်တယ် လို့မြင်တယ်။ ဒီချုပ်တဖွဲ့ထဲလုပ်မယ့်ဟာမျိုး ရှိသလို တခြားအနိုင်ရပါတီတွေနဲ့တွဲဖက်ပြီး လုပ်ရမှာလဲရှိတယ်။
တွဲလုပ်ဖို့ကိုလဲ ပိုပြီးတော့ညှိညှိနှိုင်းနှိုင်းလုပ်စေချင်တယ် ။

 ရှု့မ၀အောင်(မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။