Saturday, May 5, 2012

သုံးခွမြို့နယ် ရွာ ၆၀ ကျော် သောက်သုံးရေ စိုးရိမ်ဖွယ် ရှားပါး

သုံးခွမြို့နယ် ရွာ ၆၀ ကျော် သောက်သုံးရေ စိုးရိမ်ဖွယ် ရှားပါး
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မုတ္တမပင်လယ်ကွေ့အနီးက ကျေးရွာပေါင်း ၆၀ ကျော်မှာ သောက်သုံးရေ ရှားပါးခက်ခဲနေတာ တစ်လကျော် ကြာသွားပြီဖြစ်ပေမဲ့ အခုထိ အကူအညီ အလုံအလောက် မရရှိဘဲ ဖြစ်နေပါတယ်။

RFA
မြန်မာနိုင်ငံတွင် ရေရှားပါးသော ဒေသများ၌ ရေစည်လှည်းဖြင့် လိုက်လံရောင်းချသော ရေကို အားထားနေကြရပါသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေ နှောင့်နှေး ကြန့်ကြာနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီရွာတွေဆီကို သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တသီးပုဂ္ဂလ အလှူရှင်တွေ တတ်နိုင်သလောက် သွားရောက်ပြီး သောက်ရေတွေ လှူဒါန်းနေကြသလို ရေချိုတွင်း တူးဖော်ရေးတွေ အတွက်လည်း ကူညီ ဆောင်ရွက်ပေးနေတယ်လို့ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီပေးနေတဲ့ NLD ပါတီဝင် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က အခုလိုပြောပြပါတယ်။
" အခုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သုံးခွမြို့နယ် တာဝန်ရှိသူတွေက နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့က အလှူရှင်တွေ လှူဒါန်းတဲ့ ငွေတွေနဲ့ ရေချိုတွင်းတွေ တူးဖော် အောင်မြင်ထားပါတယ်။ စက်ရေတွင်းလို့ ခေါ်တာပေါ့၊ အဝီစိတွင်းတွေ တူးဖော် အောင်မြင်ထားပါတယ်။ အခု ကျွန်တော်သိခဲ့ရသလောက်ဆိုရင် ရန်ကြီးအောင်ရွာ၊ ဘိသိတ်ရွာ၊ မဟာမိတ်ရွာ စတဲ့ရွာတွေမှာ ခါတိုင်းက ရေငံပဲထွက်ခဲ့ရာက အခုတော့ ရေချိုတွင်းတွေ တူးဖော်ပြီးတော့ အဲဒီဒေသတွေကတော့ ရေတွေ အဝရပြီပေါ့။ ဒါပေမဲ့လို့ စုစုပေါင်း ရေတကယ်တူးဖော်ဖို့ လိုအပ်နေတာက ရွာပေါင်း ၆၀ လောက်ရှိနေပါတယ်"
လောလောဆယ် အခြေအနေမှာတော့ NLD အနေနဲ့ ရွာပေါင်း ၅ ရွာနီးပါးသာ ကူညီပေးနိုင်ခဲ့တယ်လို့ ဦးနေမျိုးဇင်က ပြောပါတယ်။ အလားတူ ကြံခိုင်ဖွံဖြိုးရေး ပါတီကလည်း ၀င်ရောက် ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရေအခက်အခဲဖြစ်နေတဲ့ ရွာတွေအားလုံး ကူညီဖို့ဆိုရင် အစိုးရတာဝန်ရှိသူတွေ ဦးစီးဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောက်လုပ်ခဲ့တဲ့ တာတမံတွေကြောင့် မြစ်၊ ချောင်းစီးဆင်းမှုတွေ ပိတ်ဆို့ကုန်ပြီး အခုလို ရေချိုရှားပါးတဲ့ ပြဿနာ ရင်ဆိုင်လာရတာလို့လည်း ပြောဆိုကြပါတယ်။
သုံးခွမြို့နယ်က ပင်လယ်နဲ့နီးတဲ့ ရွာတွေမှာ မြစ်ချောင်းတွေ တိမ်ကောလာပြီး သီးနှံစိုက်ပျိုးရာမှာလည်း အရင်လို ဖြစ်ထွန်းအောင်မြင်တာတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။