Saturday, May 5, 2012

ကားရောင်းဝယ်ရေးစခန်းပြောင်းရွှေ့ရမည့် သတင်းကြောင့် ကားပွဲစားများ နိုင်ငံတော်သမ္မတထံသို့ စာတင်

ဟံသာဝတီကားရောင်းဝယ်ရေးစခန်းပြောင်းရွှေ့ရမည်ဆိုသည့် သတင်းအား ကားဝယ်ရောင်း ပြုလုပ်သူများက လက်မခံနိုင်သဖြင့် ကားပွဲစား(၇၄၂) ဦး လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံသို့ စာတင်ပြခဲ့ကြောင်း ကားဝင်းအတွင်းက ပွဲစားများထံက သိရှိရသည်။
 

အဆိုပါ ပွဲစားများအနေဖြင့် (၈၈)မျိုးဆက်ကျောင်းသားများထံသို့လည်း စာရေးသား ပေးပို့ခဲ့သောကြောင့် မေ(၄)ရက်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားများဖြစ်သော စမ်းချောင်းကိုကိုကြီးနှင့် ကိုစိုးထွန်းအပါအ၀င် ကျောင်းသားအချို့ ကားဝင်းအတွင်း လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
 
“ကျွန်တော်က လက်မှတ်ထိုးတဲ့အထဲမှာ ထိပ်ဆုံးကပဲ နိုင်ငံတော် သမ္မတဆီလဲ တင်တယ် ဒီနေ့ ၈၈မျိုးဆက် ကျောင်းသားတွေလဲ တက်နိုင်သမျှ လုပ်ဆောင်ပေးမယ်တဲ့ နိုင်ငံတော်သမ္မတဆီလဲ စာတင်ပေးမယ် နောက် မရရင် လွှတ်တော်ထဲမှာပါ၊ တင်ပြပေးပါ့မယ်လို့ ပြောသွားတယ်” ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းတွင် ကားဝယ်ရောင်း ပြုလုပ်နေသူ ကိုမြတ်လင်းက ပြောသည်။
 
ကမာရွတ်မြို့နယ် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အမှတ် (၁)နှင့်(၂) အတွင်းတွင် ကားဝယ်ရောင်းသူ (၅၀၀) ဦးရေ ၊ ကားပွဲစား (၁၅၀၀)ဦးရေ ၊ ကားရေဆေးလုပ်ကိုင်သူ (၁၅၀) ဦးရေ အဆင့်မြင့်ဆိုင်ခန်း (၂၂)ခန်း ၊ မော်တော်ကားလာရောက်ဝယ်ယူသူ (၅၀၀)ဦးရေခန့်နှင့် မြေစိုက် ဆိုင်ခန်းပေါင်း (၂၀၀)ကျော် နေထိုင်ကာ အလုပ်လုပ်ကိုင်ရကြောင်း သိရှိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက် ၊ ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း အမှတ်(၁)နှင့်(၂) တိုးချဲ့စခန်းများအား ပြောင်းရွှေ့ဖျက်သိမ်းတော့မည်ဆိုသော သတင်းကြောင့် ကား အရောင်းအ၀ယ် အေးနေကြောင်း ကားပွဲစားများထံက သိရှိရသည်။
 
“သက်ဆိုင်တာပေါ့၊ ကားဝင်းကို ဟိုးမြို့စွန် မြို့ဖျားကို ပြောင်းရွှေ့ခိုင်းမယ်ဆိုတော့ ၀ယ်သူတွေ တခြားကို ရောက်သွားတာပေါ့ အရင်ကဆို ကျွန်တော်တို့ တစ်လကို ဆယ်သိန်းလောက်ရတယ် အခု ၀ယ်သူတွေ မလာတော့ဘူး အရမ်းအခက်အခဲဖြစ်တယ် စိတ်လဲ ရှုပ်ရတယ်” ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစား ကိုဂျိမ်းက ပြောသည်။
 
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းကို မြို့စွန်မြို့ဖျားဘက်သို့ ပြောင်းရွှေ့ရမည်သာ ကြားသိရပြီး နေရာ အတိအကျ မသိရှိရသေးကြောင်း၊ အဆိုပါ စခန်းနေရာကို သူဌေးတစ်ဦးက ၀ယ်ယူထားရှိပြီး စီမံကိန်းတစ်ခု ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
 
“လူပြောများနေတာကတော့ ရွာသာကြီးဘက်လို့တော့ ပြောတာပဲ၊ ဒါပေမဲ့ သေချာတော့ သိပ်မသိရသေးဘူး ပြောင်းရွေ့ရမယ် ဆိုတာကလဲ ဒီကားဝန်းကို သူဌေးတစ်ယောက်က ၀ယ်ပြီးပြီတဲ့ စီမံကိန်းလုပ်ဖို့ရှိတယ်တဲ့ ကျွန်တော်တို့အတွက်က ဒီကားဝန်းထဲမှာ အဆင်ပြေပါတယ်၊ မြို့စွန်ဘက်ဆိုရင် ဘယ်ဝယ်သူမှ လာမှာ မဟုတ်ဘူး “ ဟု စမ်းချောင်းမြို့နယ်မှ ကားရောင်းဝယ်   ပြုလုပ်နေသူတစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။