Saturday, May 5, 2012

ဒလမြို့နယ်တွင် တစ်နေ့လျင် သောက်သုံးရေ ဂါလံ(၅)သိန်း လိုအပ်နေ

မေ(၅)ရက်၊၂၀၁၂ခုနှစ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် သောက်သုံးရေရှားပါးမှုပြသာနာကြောင့် တစ်နေ့လျှင်ရေဂါလံပမာဏ (၅)သိန်းဝန်းကျင်ခန့် လိုအပ်လျှက်ရှိခြင်းကြောင့် လှူဒါန်းသူများရှိသော်လည်း လိုအပ်ချက်မပြည့်မီသေးကြောင်း ဒေသခံများကဆိုသည်။

 
“မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေ၊ ရွာတွေဆိုနည်းနည်း သက်သာတယ်။ သဘောင်္တွေကနေတဆင့် ပုန်းနဲ့ရေသယ်လို့ ရသေးတယ် အစွန်အဖျားဘက်ရောက်တဲ့ ရပ်ကွက်တွေ၊ရွာတွေဆို သွားရေးလာရေးတွေလဲ ခက်ခဲတဲ့အတွက် ရေရဖို့ ခက်ခဲကြတယ်။

ကျွှန်တော်တို့အဖွဲ့ရယ်၊  ဒလမြို့ပေါ်က ပိုက်ဆံတတ်နိုင်တဲ့သူတွေရယ် စုပေါင်းပြီး တတ်နိုင်သလောက်လှူကြပေမယ့်   ရေကမလောက်ပါဘူး” ဟု ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင်ကပြောသည်။

ဒလမြို့နယ်သှို့ အလှူရှင်များမှ သောက်သုံးရေလာရောက်လှူဒါန်းပေးလျက်ရှိသော်လည်း သောက်သုံးရေ အခက်အခဲဆက်လျက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေပမာဏ ဂါလံ (၈၀၀၀)အား ရပ်ကွက်တစ်ခုရှိ လမ်းသွယ် တစ်ခုစီတွင် အလှည့်ကျပေးဝေနေရကြောင်း သိရှိရသည်။
 
 “တစ်နေ့ကို ရပ်ကွက်တစ်ခုကို နေ့တိုင်းရေပေးဖို့တော့ ဘယ်သူမှ မတက်နိုင်လောက်ပါဘူး။ ရပ်ကွက်ထဲမှာရှိတဲ့ တစ်လမ်းစီကို အလှည့်ကျ ယူရတယ်။ ဒီနေ့ဒီလမ်းဆို နောက်နေ့ နောက်တစ်လမ်းပေါ့။ ပေးတဲ့နေ့ဆိုရင် တစ်လမ်းစာတော့ လုံလောက်ပါတယ်။ နောက်နေ့အလှည့်ပြန်ရောက်တဲ့ အချိန်ထိတော့ သုံးစွဲဖို့ အခက်အခဲ တော့ရှိပါတယ်။ ဒါပေမယ့် မသောက်ရတာထက်စာရင် သက်သာပါတယ်” ဟု သမ္မတကမ်းခြေရပ်ကွက်ရှိ ဒေသခံကိုဝေလင်းက ပြောသည်။


အဆိုပါဒလမြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၃) ရပ်ကွက်၊ ကျေးရွာပေါင်း (၆၀) ကျော် ရှိပြီး လူဦးရေမှာ (၂)သိန်းဝန်းကျင်ခန့်ရှိကြောင်း၊ လက်ရှိတွင် သောက်သုံးရေများကို လုပ်ငန်းရှင်များ၊ ကုမ္မဏီများ၊ နာရေး ကူညီမှုအသင်း(ရန်ကုန်)၊ အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် ကျန်အဖွဲ့စည်းများမှလည်း လာရောက်လှူဒါန်း လျက်ရှိကြောင်း သိရသည်။
 
 “မနေ့ကမိုးရွာပေမယ့် မိုးရေက ကန်တွေထဲ တောင်မ၀င်ဘူး။ ပြီးတော့ ရတဲ့မိုးရေတွေက ဖုန်တွေပါတော့ သောက်ဖို့မပြောနဲ့ အ၀တ်လျှော်လို့တောင် မရပါဘူး ပန်ကန်ဆေး အိုးတိုက်လောက်ပဲ သုံးလို့ရတယ်။ ရေရှားပါးနေတဲ့ ကျွှန်မတို့ဘက်တွေကို အလှူရှင်တွေများများလာပါစေလို့ ဆုတောင်းနေရတယ် ’’ ဟု ကျန်စစ်သားရပ်ကွက်မှ မခိုင်လေးက ပြောသည်။

 ယမင်း(မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။