Saturday, August 25, 2012

 ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ် ဖြစ်ခဲ့ရသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ပြန်လည်ရှင်းလင်း


ရခိုင်တိုင်းရင်းသားများအပေါ် အငြင်းပွားဖွယ်ဖြစ်ခဲ့ရသော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှင့် ပတ်သက်ပြီး အများပြည်သူအကြား၌ ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သြဂုတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းပြောဆိုခဲ့ပါသည်။ 

နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာပါ အကြောင်းအရာနှင့် ပူးတွဲပါရှိသော "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံးသပ်ချက်မှတ်တမ်း"အပေါ် ရခိုင်တိုင်းရင်းသားပါတီများ အပါအ၀င် ပြည်သူများ၏ မကျေနပ်သံများ ပြင်းထန်စွာ ပေါ်ထွက်လာပြီးနောက်ပိုင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။ 
အထူးသဖြင့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာ၌ ပူးတွဲပါရှိခဲ့သော "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံး သပ်ချက်မှတ်တမ်း"မှာ ရခိုင်ပါတီများနှင့် ပြည်သူများအကြား မကျေနပ်မှု ပြင်းထန်စွာ ဖြစ်ပေါ်စေခဲ့သော ကိစ္စရပ် ဖြစ်ခဲ့ပါသည်။ 
ထိုသုံးသပ်ချက်မှတ်တမ်းနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)က ရှင်းလင်းခဲ့ရာတွင် "ယင်းသတင်းသုံးသပ်ချက် မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ပြီး နိုင်ငံတော် သမ္မထံ တင်ပြချက်သာ" ဖြစ်သည်ဟု ရေးသားခဲ့သည်။ 
သို့သော် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့စဉ်တွင် သမ္မတ၏ သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါရှိခဲ့သော  "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များ သတင်းသုံးသပ်ချက်မှတ်တမ်း" နှင့် ပတ်သက်သည့် ရှင်းလင်းချက်မှာ သ၀ဏ်လွှာ၌ တစ်စုံတစ်ရာ မပါရှိခဲ့ခြင်းကြောင့် သ၀ဏ်လွှာနှင့် သတင်းသုံးသပ်ချက်မှတ်တမ်းတို့သည် သမ္မတ၏ တင်ပြချက် (သို့မဟုတ်) သမ္မတ၏ အာဘော်အဖြစ် အများပြည်သူတို့က ထင်မြင်ခဲ့ကြပြီး မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါသည်။ 
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က သြဂုတ်လ ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာနှင့် သ၀ဏ်လွှာပါ သတင်းသုံးသပ်ချက် မှတ်တမ်းအပေါ် ရှင်းလင်းမှုကို သြဂုတ်လ ၂၄ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သော်လည်း  သ၀ဏ်လွှာပေးပို့စဉ်အချိန်က ရှင်းလင်းချက်ကို တစ်ပါတည်း ပေးပို့ရမည်မှာ နိုင်ငံတော်သမ္မတရုံး၏ တာဝန်သာဖြစ်ပြီး ရှင်းလင်းချက်ကို ပူးတွဲမပေးပို့ခဲ့ခြင်းကြောင့် နိုင်ငံတော် သမ္မတအပေါ် ထင်ယောင် ထင်မှား ဖြစ်စေခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ သ၀ဏ်လွှာပါ သတင်းသုံးသပ်ချက် မှတ်တမ်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်ကြောင်း Facebook သုံးစွဲသူတစ်ဦးက နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာတွင် မှတ်ချက်ရေးသားခဲ့ပါသည်။ 
"ရခိုင်တိုင်းရင်းသားများ အခြေအနေ သုံးသပ်ချက်သာ အမှန်ဆိုရင် အတော် စိတ်ပျက် လက်ပျက် ဖြစ်စေပါတယ်။ ရခိုင်တိုင်းရင်းသားတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဘင်္ဂလီတွေ  (ရခိုင်ဒေသတောင် မဟုတ်ဘူး) အပေါ် အကြမ်းဖက်ရန် ကြံစည် လုပ်ဆောင်လျက်ရှိသည်ဆိုတာကတော့ တော်တော်လေး ကိုယ့်ရဲ့တိုင်းရင်းသား လူနည်းစုတွေအပေါ် ရက်ရက်စက်စက် မညှာမတာ သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို ရန်လိုတဲ့စိတ်ရှိရင် သံတွဲတို့လို ရခိုင်အများစု ရှိနေရာမျိုးမှာ အဓိကရုဏ်းတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ  ဖြစ်ကုန်မှာပေါ့။ ဂျာနယ်လစ်တစ်ယောက် အနေနဲ့ ပြောရရင် ဒီသုံးသပ်ချက်ဟာ  မှားယွင်းပါတယ်။ ပြည်ထောင်စုစစ်စစ် တည်ထောင်ရေးကိုရော ဒီမိုကရေစီ  ထူထောင်ရေးကိုပါ နောက်ပြန်သွားစေပါတယ်။ ဒီသုံးသပ်ချက်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူ ဆောင်ရွက် သွားစေချင်ပါတယ်"ဟု  Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြဂုတ်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သ၀ဏ်လွှာပေးပို့ခဲ့ကာ အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြ မှတ်တမ်းတင်ရန် ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏  ကန့်ကွက်မှုများ ရှိလာသောကြောင့် သ၀ဏ်လွှာ ဖတ်ကြားခြင်းကို ရွှေ့ဆိုင်းလိုက်ပါသည်။ နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော်၌ ဖတ်ကြား တင်ပြ မှတ်တမ်းတင်ခြင်း မပြုလုပ်ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ 
ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတမှ ပေးပို့သည့် သ၀ဏ်လွှာနှင့်အတူ  သတင်းသုံးသပ်ချက် မှတ်တမ်းများပါရှိသည်။ သတင်းသုံးသပ်ချက် မှတ်တမ်းများတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများ၊ အလုပ် အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ၊ ဘင်္ဂါလီမူဆလင်များ၏ အခြေအနေ၊ နိုင်ငံတကာ၏ တုံပြန်မှုများ၊ လတ်တလော ဖြေရှင်ဆောင်ရွက်မှုများ၊ ရေရှည်ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေး၊ ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်းပေးပို့ထားကြောင်း သိရှိရသည်။
သတင်းသုံးသပ်ချက် မှတ်တမ်းတွင် ရခိုင်တိုင်းရင်းသားများ၏ အခြေအနေကို သုံးသပ်ရာတွင် -
(က) နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ရခိုင် အသိုက်အ၀န်းများသို့ပါ ချည်းကပ်စည်းရုံး ဆောင်ရွက်လျက်ရှိသည်။
(ခ) နိုင်ငံအနှံ့ အများတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက်မပြတ် ကြံစည် လုပ်ဆောင်လျက်ရှိသည်။ 
(ဂ) မြန်မာနိုင်ငံ၏ ခေတ်အဆက် အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲစေသည့် လှုံဆော်မှုမျိုး တွေ့ရှိရသည်။ 
(ဃ) ရခိုင်ပြည် နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာ တားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအပေါ် အဂတိလိုက်စားသော ၀န်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ် စွပ်စွဲမှုအချို့ ရှိသည်။ 
(င) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျက် ဥပဒေကို မျက်ကွယ်ပြုကာ ဘင်္ဂါလီမူဆလင်များအပေါ် မသင့်မလျော် ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။ 
(စ) ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ဘင်္ဂါလီမူဆလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေကိုလည်း နားလည်လက်ခံနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ 
(ဆ) ဘင်္ဂါလီများကိုသာ တစ်ဖက်သတ် ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပေါ် ငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင် မနေရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
(ဇ) ရခိုင်တိုင်း ရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေး လုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာကြောင်း တွေ့ရှိရသည်။ 
(ဈ) ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ဆိုင်ရာ ထိခိုက်ခံစားရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည် စသည့်အချက်များပါဝင်သည်။

"နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာပါတဲ့ အချက်ခြောက်ချက်က ယေဘုယျကောင်းပါတယ်။ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ် သုံးသပ်ချက်ဆိုတဲ့ အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ။ စွပ်စွဲထားတာ ပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့အခါမှာ အခြေအမြစ် မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာကို ကျွန်တော်တို့ တင်တာပါ။ ဥပမာ ဆိုပါတော့ ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွားရေး သမားတွေရဲ့နေရာကို ရခိုင်တိုင်းရင်းသားတွေက အချောင်ရလိုစိတ် ရှိတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်တယ်။ ဘဂါင်္လီ စီးပွားပျက်တယ်ဆိုတာက ရခိုင် လည်း စီးပွားပျက်မှာပဲ။ ဘင်္ဂါလီ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ နေရာကို အချောင်ရလိုတဲ့စိတ်၊ အဲဒါမျိုး သုံးထားတယ်။ ဒါမသုံးသင့်၊ မသုံးအပ်တဲ့ ကာလ။ အဲဒါမျိုး ကျွန်တော်တို့ ယူဆတယ်။ ဘာစီးပွားရေးတွေလဲ။ ဘယ်လို အချောင် ရယူချင်တာလဲ။ စွပ်စွဲတဲ့ပုဂ္ဂိုလ်က ဘယ်လို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်က ဒီလိုကိစ္စကို စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် ဒီလို ကောက်ချက်ချတာလဲ။ ဘယ်လိုအချက်အလက်တွေ အခိုင်အမာရှိလဲ။ ဒါတွေကို မဖော်ပြဘဲနဲ့ ဒီလိုအချောင်ရလိုမှု ရှိတယ်ဆိုတာကို ဒီကာလ၊ ဒီလို ပြည်ထောင်စုလွှတ်တော်လို ဟာမျိုးမှာ ဒီလိုသုံးသပ်ချက် မပါသင့်ဘူး။ နောက်တစ်ခုက နိုင်ငံရေး ပါတီတွေ၊ သံဃာတော်တွေ၊ တချို့ ရခိုင်ပုဂ္ဂိုလ်တွေက ဒီပြဿနာ ဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့ သဘောလို။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်ပြီးကာမှ လူမျိုးရေးစိတ်ပိုပြီးတော့ ပေါက်ကွဲလာအောင် လှုံ့ဆော်တယ်။ အဲဒါမျိုး သုံးသပ်ထားတာ ရှိတယ်။ အဲဒါမျိုးတွေလည်း ဒီကာလ၊ ဒီလိုအခြေအနေမျိုးမှာ မသုံးသင့်၊ မသုံးအပ်သေးဘူးလို့ မြင်တယ်။ ဘယ်လို အထောက်အထားတွေနဲ့ ပြောတာလဲ။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ဒီဖြစ်စဉ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့ လိုတယ်။ သုံးသပ်ချက်တစ်ခု ရှိရင်တော့ အထောက်အထားတော့ လိုမယ်လေ။ စွပ်စွဲချက်တစ်ခု ရှိရင်တော့ အထောက်အထား ခိုင်ခိုင်မာမာ ကျွန်တော်တို့က မသိရဘူး"ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါသည်။
"သမ္မတကြီးရဲ့ သ၀ဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက် အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘောထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက  ပြောခဲ့ပါသည်။
နိုင်ငံတော် သမ္မတရုံး  ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာတွင်  ဖော်ပြထားသော" ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာဆိုင်ရာ ရှင်းလင်းတင်ပြချက်" အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။  နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသဘောထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။
၂။  နိုင်ငံတော်သမ္မတကြီး၏ သ၀ဏ်လွှာတွင် (၂)ပိုင်း ပါရှိပါသည်။ အပိုင်း(၁)မှာ နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရေးသားပေးပို့သော  သ၀ဏ်လွှာ  ဖြစ်ပါသည်။ [ စာပိုဒ်(၁)မှ စာပိုဒ်(၆)အထိ စာမျက်နှာ (၃)မျက်နှာ ပါဝင်ပါသည်။]
၃။  အပိုင်း(၂)မှာ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း" ဖြစ်ပါသည်။ [ ယင်းသတင်းသုံးသပ်ချက် မှတ်တမ်းမှာ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပသတင်းဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများ စသည်တို့၏ သတင်းများကို စုစည်းထုတ်နှုတ်ထားသည့် နိုင်ငံတော်သမ္မတထံ တင်ပြချက်သာ ဖြစ်ပါသည်။]
၎။  နိုင်ငံတော်သမ္မတ၏ ရည်ရွယ်ချက်မှာ အဆိုပါ ဘက်ပေါင်းစုံ သဘောထား အမြင်များ ကွဲပြားမှုများ ရှိနေပြီး ဆက်စပ်နေသည့် ဌာန၊ အဖွဲ့ အစည်းများ၏ ထင်မြင်ယူဆချက်များ၊ ဖော်ပြနေသော သတင်းများ၊ သုံးသပ်ချက်များမှာ တိကျမှန်ကန်သော ဖြေရှင်းချက် မဟုတ် ဟူ၍ နိုင်ငံတော် သမ္မတကြီးက လက်ခံထားပါသည်။ ယင်းသုံးသပ်ချက်များသည် နိုင်ငံတော်သမ္မတ၏ သုံးသပ်ချက် မဟုတ်ပါ။ တင်ပြလာသော သတင်းများအပေါ် အဖွဲ့အစည်းအမျိုးမျိုး၏ သုံးသပ်တင်ပြချက်များသာ ဖြစ်ပါသည်။ သုံးသပ်ချက်များမှာလည်း ၀ိဝါဒ ကွဲပြားစရာ အငြင်းပွားဖွယ်ရာများ ပါဝင်နေသလို မဆုံးနိုင်သော စွပ်စွဲမှုများ ပါရှိနေပါသည်။
၅။  ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွတ်လပ်ပြီး တရားမျှတကာ ဘက်လိုက်မှု ကင်းရှင်းသော လေ့လာသုံးသပ်ချက် တစ်ရပ် ထွက်ပေါ် လာစေရန် ရည်ရွယ်၍ (၁၇-၈-၂၀၁၂)ရက်စွဲပါ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ (အမှတ်၊ ၅၈။၂၀၁၂) ဖြင့် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခြင်း ဖြစ်ပါသည်။ ယင်းကော်မရှင်၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို အခြေပြု၍ လက်တွေ့ကျသော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ဘက်ပေါင်းစုံမှ အမျိုးမျိုးဖြစ်ပေါ်နေသော အဆိုပါ စွပ်စွဲပြောကြားချက်များသည် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ရှင်းလင်းစွာ သိမြင်လာစေမည် ဖြစ်ပါသည်။
၆။ "ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း"  သည် နိုင်ငံတော်သမ္မတထံ တင်ပြလာသော သတင်းသုံးသပ်ချက်များသာ ဖြစ်ပြီး သ၀ဏ်လွှာ မဟုတ်ပါ။ နိုင်ငံတော်သမ္မတက ပေးပို့သောမှာ စာပိုဒ်(၁)မှ (၆)အထိ ပါဝင်သော ဖော်ပြချက်များသာ ဖြစ်ပါသည်။
၇။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ရန် ကတိသစ္စာ ပြုထားသည်နှင့်အညီ မိမိနိုင်ငံတော်နှင့် မိမိနိုင်ငံသား(အထူးသဖြင့် ဇာတိနိုင်ငံသား)တို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။