Saturday, August 25, 2012

သီလဝါ အထူးဇုန်ကြောင့် သန်လျင် အိမ်ခြံ မြေဈေးကွက် လှုပ်ခတ်


ဂျပန်-မြန်မာ ဖက်စပ် လုပ်မည့် သီလဝါ အထူးဇုန်ကြောင့် သန်လျင် အိမ်ခြံမြေ ဈေးကွက် လှုပ်ခတ် သီလဝါ အထူး စီးပွားရေးဇုန်ကို ဂျပန်နှင့်မြန်မာ ဖက်စပ် အကောင် အထည်ဖော်မည့် သတင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက် အနည်းငယ် လှုပ်ခတ်စပြု လာကြောင်း သိရသည်။

“သန်လျင် သီလဝါ ဆိပ်ကမ်းမှာ ဂျပန်နဲ့ မြန်မာ သဘောတူညီမှု ရသွားပြီ။ လုပ်ငန်းက တကယ်စတော့မှာ။ အရောင်းအဝယ်တွေ ဖြစ်လာတယ်။ ပိုပြီးလည်း အရောင်းအဝယ် ဖြစ်လာနိုင်တယ်” ဟု သန်လျင်မြို့နယ် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ ဦးစိုးသန်း က ပြောသည် ။မြန်မာနိုင်ငံဘက်မှ အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ အကောင်အထည် ဖော်မည်ဖြစ်ရာ ဂျပန်ဘက်မှ ကုမ္ပဏီများ စုစည်း၍ အကောင် အထည်ဖော်မည့် အကျယ်အဝန်းမှာ စတုရန်းဟက်တာ ၂၄၀၀ ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့ထံမှ သိရသည်။ “မြေကွက်တွေ လာကြည့်တာတွေလည်း နည်းနည်းများတယ်။ အခြေအနေ ဘယ်လိုလဲပေါ့။ စိတ်ဝင်စားမှု ပြန်ရှိလာတဲ့သဘောပေါ့” ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်စန္ဒာချိုက ဆိုသည်။
သီလဝါ အထူးစီးပွားရေးဇုန် စတင် အကောင်အထည်ဖော်သည့် အချိန်ကာလများအတွင်း လက်ညှိုးထိုး ရောင်းချသည့် အကွက်အချို့ ရှိခဲ့ကြောင်း၊ တစ်ဧက၏ တန်ဖိုးသည် ဖြစ်သင့်သည်ထက် အလွန်အမင်း မြင့်မားနေကြောင်း သိရသည်။ “ဈေးပြန်ကျတော့ ဗိုက်နာတဲ့သူတွေက အမြန်ပြန်ရောင်းကြတယ်။ တချို့ကျတော့လည်း ပြန်မရောင်းတော့ဘဲ လက်ထဲ ကိုင်ထားကြတယ်။ ဈေးပြန်တက်လာနိုးနိုးနဲ့ပေါ့။ အခုတော့ သူတို့ ပြန်အာရုံစိုက်နေကြတယ်” ဟု AK အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဆလိုင်းအောင်ခမ်းက ဆိုသည်။
ယခုလက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန်၌ ယခင်ကထက် အရောင်းအဝယ် အနည်းငယ် တက်လာကြောင်း၊ သို့သော် ဈေးနှုန်းတက်ခြင်း ကျခြင်း မရှိကြောင်း အကျိုးဆောင်အချို့က ဆိုသည်။ သီလဝါ စက်မှုဇုန်၌ မြေတစ်ဧကလျှင် သိန်း ၁၉၀၀ နှင့် ၂၀၀၀ ဝန်းကျင်တွင် ပေါက်ဈေးရှိနေပြီး စက်ရုံဆောက်လိုသည့် သူများနှင့် ဂိုဒေါင် ဆောက်လိုသူများအတွက် လာရောက်ကြည့်ရှုနေသူ များပြားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။