Saturday, August 25, 2012

မြောင်တောင်သူများ မိုးခေါင်ရေရှား၍ အလုပ်ပြောင်းလဲလုပ်ကိုင်မှုပိုများလာ


စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်အတွင်း မိုးခေါင်ရေရှား၍ တောင်သူလုပ်ငန်းများအလုပ် မဖြစ်သောကြောင့် စားဝတ်နေရေး အတွက် တောင်သူလုပ်ငန်းများ၊ အငှားလုပ်ကိုင်ရသော တောင်သူ အလုပ်သမားများ အလုပ်အကိုင်ရှားပါးခြင်းနှင့် ရင်ဆိုင်နေရကြောင်းဒေသခံတို့က ဆိုသည်။

“ ကျုပ်တို့ကတောင်သူလုပ်ငန်းတွေကို အားကိုးလုပ်ကိုင်ရတာဒီနှစ်ပိုင်း တောင်သူတွေ အလုပ် မဖြစ်တော့ ကျုပ်တို့လည်း အလုပ်အကိုင်မရှိလို့ နားနေရတယ်၊ ကလေးတွေကိုတော့ မန္တလေးက လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခိုင်း ထားရတယ်ဟု ကျောက်ရစ်ကျေးရွာမှ ပေါက်တုး ပေါက်လိုက် သော ကိုအောင်မင်းသိန်းကဆိုသည်။
 
နယ်တွင်အလုပ်သမားများအလုပ်အကိုင်ရှားပါးလာသောကြောင့် မြို့ကြီးများရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များနှင့် ဆောက်လုပ်ရေးအလုပ်ကြမ်းလုပ်ငန်းများ လုပ်ကိုင်ရန်စေလွှတ်မှုများကြောင်း နှင့်အချို့မှာ တစ်ဖက်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မှုများလာကြောင်းကိုလည်း သိရှိ ရသည်။

'ကျမတို့ရွာမှာ လယ်လုပ်တဲ့သူရှားနေပြီ ယောက်ျားတွေရော မိန်းမတွေရော ကလေးတွေရော ယိုးဒယားကိုသွားပြီး စက်ရုံတွေမှာ အလုပ်လုပ်ကြတယ် ပိုက်ဆံငါးသိန်းခြောက်သိန်း ရှိရင် ရွာက အဆက်သွယ်နဲ့သွားကြတာများတယ်၊ ဟိုကနေ ပိုက်ဆံပို့ ကြတယ်'ဟု ဇီးကုန်းကျေးရွာမှ တောင်သူဒေါ်ဝင်းဋ္ဌေးက ပြောသည်။

မိုးခေါင်ပြီးစိုက်ပျိုးရေးမဖြစ်ထွန်းသောကြောင့် မြောင်မြို့နယ်တဝိုက်တွင် တောင်သူကြီးများလည်းအရှုံး ပေါ်နေကြောင်းကိုလည်း သိရှိရသည်။

မြန်မာနိုင်ငံအလည်ပိုင်းဒေသဖြစ်သောကြောင့်မိုးကိုအားကိုးစိုက်ပျိုးရပြီးမြေပဲ၊နှမ်း၊ပြောင်း၊ဝါစသော ကုန်းတွင်း သီးနှံများ အဓိကစိုက်ပျိုးသောဒေသဖြစ်သည်။

ယခုနှစ်တွင် ယခင်နှစ်များထက် မိုးခေါင်ရေရှားမှုပိုမိုလာခြင်းကြောင့် တောင်သူများကြပ်တည်းပြီး တောင်သူအလုပ်သမားများ အလုပ်အကိုင်ရှားပါးလာခြင်းဖြစ်ကြောင်း လယ်သမားအရေး ဆောင်ရွက်ပေးနေသူများက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။