Saturday, August 25, 2012

 နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၂ဦး လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခဲ့ပြီး ၎င်းအဆိုကိုဆွေးနွေးရန် အမျိုးသားလွှတ်တော်မှ သဘောတူ


ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက်  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား သြဂုတ်လ ၂၄ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၂ ဦး လက်မှတ်ရေးထိုးကာ  စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်း ခဲ့ကြောင်း သိရသည်။

ယင်းစွပ်စွဲပြစ်တင်မှုအဆိုကို လက်မှတ်ရေးထိုးသူ ၁၆၂ ဦး ကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံအကျဆုံး၊ ဇစ်မြစ်အကျဆုံး ဥပဒေသကြီးကို ထိန်းသိမ်းရသော တာဝန်ကြီးကို ယုံကြည်စွာအပ်နှံ တာဝန်ပေးထားခြင်းအား ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄(က) အပိုဒ်ခွဲ(၂) နှင့် အပိုဒ်ခွဲ (၅)ပါ ပြဋ္ဌာန်းချက်များနှင့် ညိစွန်းနေသဖြင့် စွပ်စွဲပြစ်တင်ရ ခြင်းဖြစ်ကြောင်း ဦးဇော်မြင့်ဖေက စွပ်စွဲပြစ်တင်ရခြင်း အကြောင်းရင်းကို ပြောကြားခဲ့သည်။
'' ဒီလို အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင် ရခြင်းလုပ်ရတဲ့ အဖြစ်မျိုးမကြုံရအောင် ကန့်လန့်ကာနောက်ကွယ်မှာ နည်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် ကြိုးစားရှောင်ရှားခဲ့ပေမယ့် ယခု မလွှဲမရှောင်သာဘဲ ရင်ဆိုင်ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘောင်အတွင်းမှာပဲ ဖြေရှင်းခွင့်ရရှိတဲ့အတွက် ၀မ်းနည်းစရာ ကြုံပေမယ့် အခြေခံဥပဒေရဲ့ ပေးအပ်တဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး ဖြေရှင်းနိုင်တဲ့အတွက် ရင်မောသက်သာ ရပါတယ်'' ဟု ဦးဇော်မြင့်ဖေက အဆိုတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိကျကျ အဓိပ္ပါယ်ရှင်းလင်းချက် ပေးမထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်ခြင်းကြောင့် အခြေခံဥပဒေ၏ အတွင်းစည်းဝိုင်းအတွင်းတွင် မလိုလားအပ်သော ၀ိရောဓိကို ကြိုးစား ဖြေရှင်းနေရကြောင်း၊ လွှတ်တော်အပိုင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်မချမီတွင် ဥပဒေနှင့်အညီ ဖြစ်သင့် ဖြစ်ထိုက်သော ဆုံးဖြတ်ချက်မျိုးဖြစ်ရန် ကြိုးစားလျောက်လဲချက် ပေးခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက် ချပြီးနောက်တွင်လည်း နိုင်ငံတော်သမ္မတကြီးနှင့် တွေ့ဆုံမှုမျိုးစုံလုပ်ကာ သဘောထားများတင်ပြ ညှိနှိုင်းခဲ့ပါကြောင်း၊ နောက်ဆုံးတွင် နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် ခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များမှ မှားယွင်းစွာ၊ တာဝန်မကျေစွာ ဆုံးဖြတ်ခဲ့ခြင်းအတွက် တာဝန်သိတတ်စွာ တာဝန်မှ နုတ်ထွက်ရန်အထိ ဖြစ်လာခဲ့သော်လည်း လက်တွေ့ကျကျ အဖြေမပေါ်ဘဲ ဇာတ်လမ်းမှာ မျောနေပြီဖြစ်ကြောင်း စသည်ဖြင့် စွပ်စွဲမှုအဆိုတွင် ထည့်သွင်းပြောကြားခဲ့သည်။
''Check & Balance  မူဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတိုင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတိုင်းမှာ ပြဋ္ဌာန်းထားပါတယ်။ သိပ်အရေးကြီးပါတယ်။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီအာဏာရှင် မဖြစ်ရအောင်၊ သမ္မတကလည်း အာဏာရှင် မဖြစ်ရအောင်၊ အာဏာအလွဲသုံးစား မလုပ်ရအောင် လွှတ်တော်ကလည်း အရာရာချုပ်ကိုင်လွှမ်းမိုးမှုမျိုး မဖြစ်ရအောင် Balance သီအိုရီအရ အပြန်အလှန် ထိန်းကျောင်းပေးရတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ လွှတ်တော်အပိုင်းက အဆင့်နိမ့်ကျခံရပြီး Check & Balance မလုပ်နိုင်ရင် ပြည်သူတွေ တိုက်ရိုက်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်အခန်းကဏ္ဍဟာ ဘယ်ရောက်သွားပြီလဲ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဦးချင်း ခံစားခွင့်၊ ပြည်ထောင်စုအဆင့် ခံစားခွင့်ကို တောင်းဆိုခြင်း မဟုတ်ပါ။ လမ်းဘေးရောက်နေတဲ့ လွှတ်တော်၊ အစိုးရအဖွဲ့က အသိအမှတ်မပြုတဲ့ လွှတ်တော်ဆိုရင် လွှတ်တော်ကို တန်ဖိုးချရုံသာ မဟုတ်၊ ပြည်သူတွေကိုပါ တန်ဖိုးချခြင်းလည်း ဖြစ်ပါတယ်'' ဟု ဦးဇော်မြင့်ဖေက ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် စွပ်စွဲမှုတွင် ကိုယ်စားလှယ် ၆၀၀ ခန့်အတွက် ပြည်ထောင်စုအဆင့် ခံစားမှုများ၊ အဆောင်အယောင်များကို မည်သူမျှ မတောင်းဆိုကြောင်း၊ ယခုကိစ္စတွင် ငွေရေးကြေးရေး ကုန်ကျစရိတ်ကို တွက်ချက်နိုင်အောင်ဆိုပြီး အကြောင်းပြနေခြင်းကို နားမလည်ကြောင်း၊ ၎င်းတို့အားလုံး နားလည်ထားသည်မှာ လွှတ်တော်နှင့် ထိုက်တန်သည့် ခန်းကဏ္ဍ၊ ဥပဒေအရ ပေးအပ်ထားသော တိုင်းပြု ပြည်ပြုအခန်းကဏ္ဍကို အမှန်အတိုင်း ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုင်းအတာ ရပ်တည်နိုင်ရေးပင် ဖြစ်ကြောင်း၊ လွှတ်တော်သည် အချုပ်အခြာအာဏာ၏ မြစ်ဖျားဖြစ်သော်လည်း အုပ်ချုပ်မှုအာဏာ မရှိ၊ လုပ်ပိုင်ခွင့်အာဏာမရှိပါကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့သည်။

ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန်အတွက် မဲခွဲဆုံးဖြတ်ရာတွင် တက်ရောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၆ ဦးက ထောက်ခံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များအားလုံးကမူ ဆန္ဒပြုခဲ့ခြင်းမရှိကြောင်း သိရသည်။ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ ၂၂၃ ဦးရှိပြီး အဆိုတင်သည့်နေ့တွင် အစည်းအဝေးတက်ရောက်သူမှာ ၂၁၀ ဦးရှိကာ တပ်မတော်သား ကိုယ်စားလှယ် ၅၄ ဦးမှလွဲ၍ ကျန်ကိုယ်စားလှယ်အားလုံးက ထောက်ခံမဲပေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုအား တက်ရောက်လာသည့် ကိုယ်စားလှယ် သုံးပုံတစ်ပုံကျော်က ထောက်ခံသည့်အတွက် ဆွေးနွေးရန် အတည်ပြုခဲ့ပြီး ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားကာ အ မည်စာရင်း တင်သွင်းရမည်ဖြစ်ကာ သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့်လွှတ်တော်တွင် ဆွေးနွေးခြင်းနှင့် မဲခွဲခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။