Saturday, August 25, 2012

 ရာသီဥတုဖောက်ပြန်မှုကြောင့် လာမည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာထိ ကောက်ပဲသီးနှံ အထွက်လျော့မည် စိုက်ပျိုးရေး ထွက်ကုန်များ ပြည်ပတင်ပို့မှုအား ချင့်ချိန်လုပ်ကိုင်မှုမရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာအထိ သက်ရောက်နိုင်


လက်ရှိအချိန်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် လာမည့်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာထိ ကောက်ပဲသီးနှံ အထွက်လျော့မည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှုအား ချင့်ချိန်လုပ်ကိုင်မှုမရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာအထိ သက်ရောက်နိုင်ကြောင်း ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ ရေနစ်မြုပ်နေသည့် လယ်မြေဧကပေါင်း ငါးသိန်းဝန်းကျင်ခန့်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ဆိုးရွားစွာ မိုးခေါင်မှုကြောင့် မိုးကြိုစပါးနှင့် သီးနှံများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပေပင်ကုန်းရွာမှ တောင်သူတစ်ဦးက ''ဒီနှစ်ကမိုးခေါင်တော့ နှမ်းပင်တွေဆိုရင် အသီးမသီးနိုင်ဘူး အပင်တွေကိုနုတ်ပြီး နွားကြွေးလိုက်ရတယ်။ ကျွန်တော်တို့တောင်သူတွေ အားလုံးရှုံးကြတယ်''ဟု ပြောပြခဲ့ပါသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က''ဒီနှစ် ရာသီဥတုဖြစ်စဉ်က ပညာရှင်တွေ စိုးရိမ်ခဲ့တဲ့ ရာသီဥတု အခြေအနေမျိုး ဖြစ်နေတယ်။ မနှစ်က လည်း မိုးစပါးရော နွေစပါးပါ အထွက်လျော့ကျခဲ့တယ်။ ပဲ၊နှမ်း၊ ပြောင်းစတဲ့ သီးနှံတွေကိုတော့ ပြည်ပ ကို အလုံးအဆန်လိုက် တင်ပို့ခွင့် ပြုထားတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အဓိကစားသောက်ကုန်တွေကို အ၀ယ်ရှိ တိုင်းပြည်ပကိုရောင်းမယ်ဆိုရင်ကျွန်တော်တို့ နိုင်ငံသားတွေ ဘာနဲ့စားမလဲ။ ကျွန်တော်တို့ဆီက ကောင်းတဲ့ဟာကိုတော့ ဈေးကောင်း ရလို့ဆိုပြီး ပြည်ပကိုရောင်းတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေကတော့ အဆင့်မမီတဲ့ စားအုန်းဆီ စတဲ့ စားသုံးကုန်တွေ စားသောက်နေကြရတယ်။ နောက်ဆက်တွဲအနေနဲ့ ဒါဟာ နိုင်ငံအတွက် အန္တရာယ်များတဲ့ ပြဿနာပါ။ နိုင်ငံရဲ့ စီးပွားရေး အခြေခံက စိုက်ပျိုးရေး ထွက်ကုန်ထုတ်လုပ်မှုပါ။ စိုက်ပျိုးရေးလုပ်ငန်းတွေကောင်းမှ လူအများစုရဲ့ စီးပွားရေးတွေ ကောင်းမှာပါ''ဟု ပြောကြားခဲ့ပါသည်။
ထို့ပြင် ၎င်းက''နိုင်ငံတော်ရဲ့စီးပွားရေး လုပ်ငန်းတွေ မအောင်မြင်ဘူးဆိုတာ စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါ ပေါင်းစပ်ညှိနှိုင်းမှု လွဲမှားခဲ့လို့ ဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီနိုင်ငံဟာ အခုလိုစီးပွားရေးမှာ နောက်ကျရမယ့် နိုင်ငံမျိုး မဟုတ်ပါဘူး။ မူဝါဒတွေ ချ မှတ်မယ်ဆိုရင် တကယ်လက်တွေ့ လုပ်ကိုင်နေသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရင် မတိုးတက်နိုင်စရာ မရှိပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီး မူဝါဒတွေ ချမှတ်လုပ်ဆောင်သင့်ပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်နေတာမျိုးတွေ မရှိ သင့်တော့ပါဘူး''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
ပြီးခဲသည့်နှစ်က စိုက်ပျိုးရေး ထွက်ကုန်များ အထွက်လျော့ကျမှုများနှင့် သီးနှံများအား ပြည်ပသို့ အကန့်အသတ်မရှိ တင်ပို့ခွင့်ပြုထားခြင်းတို့ကြောင့် သီးနှံဈေးနှုန်းများ မြင့်တက်ခြင်း၊ ဆန်စက်၊ ဆီစက်နှင့် ပဲခွဲစက်များ လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေခြင်းနှင့် အချို့စက်ရုံငယ်များမှာ လုပ် ငန်းရပ်ဆိုင်းထားရခြင်းမျိုး ဖြစ်ပေါ်နေကြောင်း စိုက်ပျိုးရေးနှင့် စပ်ဆက်လုပ်ကိုနေသည့် စက်မှုလုပ်ငန်းရှင်များထံမှ သိရသည်။
မန္တလေးမြို့ အခြေစိုက် ပွဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက''မနှစ်က ၀ယ်ထားတဲ့ ကုန်ကြမ်းတွေနဲ့ စက်လည်ပတ်နေရတယ်။ စီးပွားရေး အကျိုးအမြတ်ဆိုတာထက် ကိုယ့်ရဲ့အလုပ်သမားကို ထိန်းနေရတဲ့ပုံစံမျိုးပါ။ သီးနှံဈေးနှုန်း ကလည်း တစ်ခါမှမဖြစ်ဖူး တဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်။ မိုးခေါင်လို့ ထွက်အားလျော့နည်းတာရယ် လက်ရှိစနစ်အရ ပြည်ပကို တင်ပို့ခွင့် ပေးထားတာရယ်ကြောင့် ကုန်ကြမ်း အရမ်းရှားနေတယ်။ အပြိုင်အဆိုင် လုဝယ်နေရတယ်။ ဒီအတိုင်းဆက်သွားရင် လာမယ့်ရာသီမှာ ကျွန်တော့်လုပ်ငန်းလည်း ရပ်တည်ဖို့ အရမ်းခက်ခဲမှာပါ'' ဟုပြောပြခဲ့ပါသည်။
၂၀၁၁ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ စိုက်ပျိုးရေးလုပ်ငန်းများမှ သီးနှံအထွက် လျော့ကျမှု ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် မွေးမြူရေးလုပ်ငန်းများ၌ မွေးမြူရေး အစာဈေးနှုန်းများ နှစ်ဆကျော်မြင့်တက်ခြင်း ၀ယ်ယူ ရန် ပစ္စည်းရှားပါးခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။
ယခုနှစ်အတွင်း လယ်မြေများ ရေနှစ်မြုပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါ်လှလှသိန်းက ''အခုရေနစ်မြုပ်နေတဲ့ လယ်မြေတွေနဲ့ ပတ်သက်လို့ ဘယ်လောက်ထိခိုက်တယ်ဆိုတာ သက်ဆိုင်ရာ ၀န်ကြီး ဌာနအနေနဲ့ ပိုမိုပွင့်လင်းမြင်သာတဲ့ ထုတ်ပြန်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ဧကကို စပါးတင်း ၂၀၀ ထွက်တာကိုလည်း ပြောခဲ့သလို လယ်ဘယ်လောက်ပျက်ဆီးနေတယ်ဆိုတာကိုလည်း ထုတ်ပြန်ပေးပါ။ အကောင်းရော အဆိုးရော ပြောပြသင့် ပါတယ်။ ဒါမှ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို ပီပီပြင်ပြင် လုပ်လို့ရမယ်လို့ထင်တယ်''ဟု ပြောပြခဲ့ပါသည်။
ဧရာဝတီ မြေပဲဆီသန့်မှ တာဝန်ရှိသူတစ်ဦးက''ဆီဈေးက တစ်ခါမှ ငါးထောင်ကျပ် မကျော်ဖူးဘူး။ အခုဆိုရင် ၀ယ်သူက ဈေးမေးပြီးတော့ အခြားဈေးနိမ့်တဲ့ဆီတွေကို ၀ယ်သွားတာများတယ်။ ကုန်ကြမ်းဈေးနှုန်း အရမ်းဈေးကြီး ပေးဝယ်နေရပြီး ကုန် ကြမ်းက ရှားနေတယ်''ဟု ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။