Saturday, August 25, 2012

 ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှုအား စွဲချက်တင်သင့် မသင့်ကို တရားရုံးမှ စက်တင်ဘာလ ၇ ရက်နေ့၌ အဆုံးအဖြတ်ပေးမည်



သြဂုတ်လ ၂၄ ရက်နေ့ ရုံးချိန်းအား တွေ့ရစဉ်
ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လျှပ်တစ်ပြက်ဂျာနယ်အပေါ် ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုထားမှုကို စွဲချက်တင်သင့် မသင့်ကို စက်တင်ဘာလ ၇ ရက်နေ့တွင် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့(ယနေ့)တွင် ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ပြုလုပ်သောရုံးချိန်းမှ သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော ရုံးချိန်းမှာ တရားလိုပြသက်သေများကို တရားရုံးမှ မေးမြန်းပြီးဖြစ်သည့်အတွက် စွဲချက်တင်သင့် မတင်သင့်ကို နှစ်ဖက်လျောက်လဲချက် ပေးခဲ့သည်။ အမှုနှင့်ပတ်သက်၍ စွဲချက်မတင်သင့်ပဲ တရားရှင် လွှတ်သင့်ပါကြောင်း၊ အစိုးရ တရားလိုဘက်ကမူ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အပေါ် စွဲချက်တင်သင့်ကြောင်း နှစ်ဘက်လျှောက်လဲချက်ပေးခဲ့ကြောင်း လျှပ်တစ်ပြက်ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ၏ ပြောကြားချက်အရ သိရသည်။ အကယ်၍ တရားရုံးမှ စွဲချက်မတင်သင့်ကြောင်း အမိန့်ချမှတ်ပါက ဦးမြတ်ခိုင်မှာ အမှုမှ လွှတ်မည်ဖြစ်ကြောင်း၊ စွဲချက်တင်ရန် ဆုံးဖြတ်ပါက အမှုဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆက်လက်၍ တရားလွှတ်တော်ရှေ့နေဦးဝင်းရွှေက ''တရားခံဘက်က ပြောပြရရင်တော့ ဦးမြတ်ခိုင်အပေါ်မှာ စွပ်စွဲထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ၅၀၅(ခ)(ဂ)နဲ့ ညှိစွန်းမှုမရှိဘူးလို့ပဲ ပြောရမှာပေါ့။ စွဲဆိုထားတဲ့ ပုဒ်မနဲ့ ညှိစွန်းခြင်းမရှိဘဲနဲ့ တရားရှင်လွှတ် သင့်တယ်လို့ပဲ ယူဆတယ်။ စွဲချက်တင်တယ် မတင်ဘူးဆိုတာ တရားရုံးရဲ့အလုပ်။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်မှာပေါ့''ဟု ပြောသည်။ 
ပထမနေ့ ရုံးချိန်းဖြစ်သည့် ဇွန်လ ၂၅ ရက်နေ့တွင် အယ်ဒီတာချုပ် ဦးမြတ်ခိုင်၏ ကျန်းမာရေး အခြေအနေအရ အာမခံလျှောက်ထားမှုကို ပုဇွန်တောင်မြို့နယ် တရားရုံးက လုံလောက်သည့်ခံဝန်ဖြင့် အာမခံခွင့်ပြုလိုက်ပြီး အလင်္ကာဝတ်ရည်မှ ဦးမောင်မောင်အေး (မောင်ဟေမာ)နှင့်  စာရေးဆရာ မောင်ဆွေသက်တို့က  ငွေကျပ်သိန်းလေးထောင်ခံဝန်ဖြင့် အာမခံပေးထားကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ) တို့သည် ပုံမှန်အားဖြင့် အာမခံပေး၍မရသော ပုဒ်မဖြစ်သော်လည်း တရားသူကြီးအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ အာမခံထားကြောင်း သိရသည်။လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော မသီတာထွေးဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာချုပ်ဦးမြတ်ခိုင်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုခဲ့ကာ တရားစွဲဆိုဆိုမှုနှင့်အတူ ဂျာနယ် ထုတ်ဝေဖြန်ချီခွင့်အား ယာယီရပ်ဆိုင်းခဲ့ပြီး ရက်သတ္တပတ် ခုနှစ်ပတ်အကြာ သြဂုတ်လ ၉ ရက်နေ့တွင် ပြန်လည်ထုတ်ဝေဖြန်ချီခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။ သြဂုတ်လ ၂၄ ရက်နေ့ ရုံးချိန်းသို့ သတင်းမီဒီယာအများအပြား လာ ရောက်သတင်းယူခဲ့ကြောင်းလည်း သိရသည်။

လျှပ်တစ်ပြက်ဂျာနယ်ကဲ့သို့ပင် သတ္တုတွင်းဝန်ကြီးဌာနမှ The voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုကိုလည်း ဒဂုံမြို့နယ်တရားရုံးမှ စက်တင်ဘာလ ၆ ရက်နေ့တွင် စွဲချက်တင်သင့် မတင်သင့် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။