Friday, August 31, 2012

နယ်စပ်တက်ဝယ်နေခြင်းကြောင့် ဆိုင်ကယ်ဝယ်ရောင်းဈေးကွက်ပျက်လုနီးပါးဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း ဆိုင်ကယ်ဈေးကွက်တွင် ဝယ်ရောင်းလုပ်ကိုင်သူများနှင့် တင်သွင်းသူများမှာ လုပ်ငန်း ရပ်နားထားရသည့်အထိ အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ဖြစ်ပေါ်ရခြင်းမှာ ဆိုင်ကယ်ဝယ်မည့်သူများက နယ်စပ်သို့ ကိုယ်တိုင်တက်ဝယ်ခြင်းကြောင့်ဖြစ်သည်ဟု ပွဲစားများထံက သိရသည်။

''အရင်ကဆိုင်ကယ်တစ်စီးရောင်းရရင် လေးငါးထောင်လောက်တော့ အနည်းဆုံးကျန်တယ် ၊ တစ်ရက်ကို သုံးလေးစီး လည်း ရောင်းရတယ်၊ အခုတော်တော်များများက ကိုယ်တိုင်တက်ဝယ်နေကြတော့ ပွဲစားတန်းမှာ လာဝယ်တဲ့သူက အရမ်းကိုနည်းသွားပြီ၊အမြတ်လည်း အများကြီးတင်ပြီး ရောင်းလို့မရတော့ဘူး တစ်စီးရောင်းရမှနှစ်ထောင်လောက်ပဲ ကိုယ့်အတွက်ကျန်တယ်ဟု လားရှိုးဆိုင်ကယ် ပွဲစားတန်းမှ ဝါရင့်ပွဲစား တစ်ဦးကပြောသည်။

အဆိုပါဒေသတွင် ဆိုင်ကယ်ဝယ်ယူသူများအနေဖြင့် ယခင်များကဲ့သို့ အရောင်းဆိုင်းများ၊ ပွဲစားလုပ်ကိုင်သူများထံမှ ဝယ်ယူမှုကျဆင်းခဲ့ပြီး နယ်စပ်ဒေသသို့ ကိုယ်တိုင်သွားရောက်ဝယ်ယူသူ များပိုမိုများပြားလာကြောင်း ဆိုင်ကယ် အေ၇ာင်းအဝယ်လုပ်ကိုင်သူများထံက သိရှိရသည်။

''အော်ဒါမှာတဲ့သူက နည်းသွားတော့ အရင်လိုခေါက်ကြေးနဲ့ မောင်းပေးတဲ့သူတွေကို မခေါ်နိုင်တော့ဘူး ကိုယ်တိုင်မောင်းတာတောင် အရင်ကျန်သလောက် မကျန်တော့ဘူး''ဟု ကိုယ်ပိုင်အရင်းဖြင့် ဆိုင်ကယ် ကယ်ရီဆွဲသူတစ်ဦးက ပြောသည်။

ဆိုင်ကယ်ဈေးကွက်ကျဆင်းလာခြင်းမှာ နယ်စပ်များသို့ ကိုယ်တိုင်တက်ရောက်ဝယ်ယူခြင်း၊ ဆိုင်ကယ်လိုင်စင်များ ထုတ်ပေးစဉ်ကာလတွင်း စစ်ဆေးရေးဂိတ်များမှ အဖမ်းအဆီးလျော့ချခဲ့ခြင်း၊ ဈေးကွက်တွင်း ဆိုင်ကယ်ဝင်ရောက်မှု များကာ ဈေးပြိုင်လျော့ရောင်းချလာခြင်းများကြောင့် ဈေးနူန်းကျဆင်းခြင်းဖြစ်သည်။

''အရင်က အဖမ်းအဆီးအရမ်းများတယ် ဖြတ်သန်းခတွေလည်း ဈေးကြီးတယ် လမ်းကြောမရှင်းတဲ့နေ့ဆို ရှောင်ကွင်းပြီး ခက်ခက်ခဲခဲမောင်းရတာ၊ အခုလမ်းကြေးကလည်း သုံးပုံနှစ်ပုံလောက်လျော့သွားပြီ၊ ဂိတ်တွေလည်း အရင်လောက် မတင်းကျပ်တော့ဘူးဆိုတော့ အိမ်စီးဆိုင်ကယ်တွေတောင် ကိုယ်တိုင်တက်ဝယ်နေကြပြီ'' ဟု ကယ်ရီမောင်းခြင်းမှ ရပ်နားထားသူတစ်ဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တစ်နေ့လျှင် ပျမ်းမျှ ဆိုင်ကယ် အစီး(၁ဝဝ)ဝန်းကျင်   နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များသည် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ရာတွင် မူဆယ် ကြယ်ဂေါင်နယ်စပ်မှဝင်ရောက်လျှက် ရှိပြီး မြန်မာပြည်အလယ်ပိုင်းဒေသများသို့ ဝင်ရောက်ရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်း မန္တ္တလေး-လားရှိုးလမ်းမှ အများဆုံးဝင်ရောက်နေခြင်းဖြစ်သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။