Friday, August 31, 2012

 ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသအချို့ ရေပြန်ကျသွားပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း သိရ


ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် ဒေသအချို့တွင် ရေအနည်းငယ် ပြန်ကျသွားပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ 
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် သြဂုတ်လအတွင်း ပုသိမ်၊သာပေါင်း၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ရေကြည်၊ ပန်းတနော်၊ ဓနုဖြူမြို့နယ်များတွင် မိုးများပြီး မြစ်ရေကြီးမှုကြောင့် လူနေအိမ်များ၊ စပါးစိုက်ကွင်းများ ရေကြီးနစ်မြုပ်ခဲ့ရသည်။ 

လက်ရှိတွင် ယင်းဒေသများ၌ ရေပြန်ကျနေပြီဖြစ်သော်လည်း ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများကျန်ရှိနေပြီး ယင်းတို့အတွက် ရိက္ခာများ၊ ဆေးဝါးများ၊ သောက်သုံးရေများ လိုအပ်နေပြီး ရေနစ်မြုပ်တောင်သူများအတွက် မျိုးစပါးများ လိုအပ်နေ သေးကြောင်း သိရှိရသည်။

''သာပေါင်းမြို့ပေါ်မှာတော့ ရေအတော်လေး ပြန်ကျသွားပြီ။ မြို့ပေါ် အားကစားခန်းမနားမှာ အရင်ရက်တွေက လှေနဲ့သွားနေရတာ အခုကူးတို့လှေတွေ မရှိတော့ပါဘူး။ ရွာတွေမှာလည်း ရေပြန်ကျစပြုနေပါပြီ။ ဒါပေမယ့် အိမ်တွေအကုန်ပေါ်တာတော့ မဟုတ်သေးဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ နေတဲ့သူတွေ နေကြသေးတယ်။ ပြန်တဲ့သူတွေလည်း ပြန်ကုန်ပြီ။ ရေဘေးသင့်သူတွေအတွက် ပြန်လည်ထူထောင်ပေးဖို့နဲ့ သူတို့စားဝတ်နေရေးအတွက်ကတော့ ထောက်ပံ့မှုတွေ လိုသေးတယ်။ တောင်သူတွေအတွက် အဓိက မျိုးစပါးပေါ။့ ကျန်တာတွေက ဆန်တို့ ဆေးဝါးတို့ လိုပါတယ်။ ကပ်ပါးတွေအတွက်ကတော့ ရေအကုန်ပြန်ကျမှ အလုပ်လုပ်နိုင်မှာဖြစ်တဲ့အတွက် စားဖို့သောက်ဖို့ လိုအပ်နေပါတယ်''ဟု သာပေါင်းမြို့နယ်မှ ရေဘေးကူညီကယ်ဆယ် ထောက်ပံ့မှုများ လိုက်လံဆောင်ရွက်ပေးနေသူ ဦးမျိုးကျော်က သြဂုတ်လ၂၇ရက်နေ့တွင် ပြောကြားခဲ့သည်။
ကျောင်းကုန်းမြို့နယ်ရေဘေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးတင်မောင်ကလည်း ''ရေကပြန်ကျပါပြီ။  နှစ်ပေကျော်လောက် ပြန်ကျနေပြီ။ ရေကျပေမယ့် မြို့ပေါ်ဈေးနားမှာတော့ လှေနဲ့သွားနေရတုန်းပဲ။ ရေမြုပ်နေတာ များသေးတယ်။ အခုချိန်ထိ ကူညီထောက်ပံ့မှုတွေ လုပ်နေရတုန်းပဲ။ရေကျပေမယ့် အိမ်တွေ မပေါ်သေးဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံသူတွေနေကြတုန်းပဲ။ ရေကျသွားရင် အိမ်တွေ ပြုပြင်စရာမျိုးတွေ ရှိတယ်။ လောလောဆယ် သောက်သုံးရေလိုတယ်။ ဆန်လိုတယ်။ရေကျရင် ၀မ်းပျက်ဝမ်းလျောလို ကူးစက်ရောဂါ မဖြစ်ပွားဖို့ ဆေးဝါးလိုမယ်။ တောင်သူတွေအတွက် သက်တမ်းနုတဲ့ မျိုးစပါးလိုမယ်''ဟု ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၌ မိုးဦးစိုက် လယ်ဧကပေါင်း ၃၅ သိန်းကျော်ရှိသည့်အနက် လယ်ဧက ၂၇၀၀၀၀ ကျော်မှာ ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၇၉၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တိုင်းဒေသကြီးရှိ လယ်ဧကစုစုပေါင်း ၏ ၂ ဒသမ ၂၆ ရာခိုင်နှုန်း ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်စဉ်ပျမ်းမျှ မိုးရွာရက် ၁၂၆ ရက်၌ မိုးရေချိန် ၉၀ ဒသမ ၁၀ လက်မ ရွာသွန်းခဲ့သော်လည်း ယခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့အတွင်း မိုးရွာရက် ၇၂ ရက်တွင် မိုးရေချိန် ၇၈ ဒသမ ၅၅ လက်မရွာသွန်းခဲ့ခြင်းကြောင့် တိုင်းဒေသကြီးတစ်ခုလုံးတွင် ရေကြီးနစ်မြုပ်မှုများ ပေါ်ပေါက်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က သြဂုတ်လ ၂၄ ရက်နေ့ နိုင်ငံတော်သမ္မတခရီးစဉ် တွင် နိုင်ငံတော်သမ္မတအား တင်ပြခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေနစ်မြုပ်မှု ခံစားရသည့်ဒေသများသို့ ထောက်ပံ့ကူညီမှုများ ပြုလုပ်လိုပါက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဖုန်း- ၀၄၂.၂၄၅၇၂၊ ၀၄၂.၂၃၆၆၂ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး သာပေါင်းမြို့နယ်တွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေး မှူး ၀၉-၆၄၀၀၃၅၈၊ ဦးသိန်းထွန်း ၀၉-၄၂၂၄၉၀၃၈၄၊ ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ၀၉-၈၅၅၃၈၄၆၊ ဦးတင်မောင် ၀၉- ၈၅၇၂၅၆၈ တို့အား ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။