Friday, August 31, 2012

အစိုးရပေါ်လစီမှသည် အရည်အချင်း အကယ်ဒမီဆုသို့

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ခဲ့ပြီး အစိုးရအကြိုက် ပေါ်လစီကား များကိုသာ ဦးစားပေး ရွေးချယ်လေ့ရှိသော အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်မှုကို ၂ဝ၁၃ နှစ်အတွက်မှ စတင်၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကသာ ဦးဆောင် ချီးမြှင့်သွားတော့မှာ ဖြစ်သည်။


“အရင် စစ်အစိုးရ လက်ထက်က မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ချီးမြှင့်ရာမှာ အစိုးရရဲ့ပေါ်လစီ ရုပ်ရှင်ဇာတ်ကား
တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေကို ဦးစားပေး ချီးမြှင့်လေ့ရှိတာကြောင့် ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့ပြီး မြန်မာရုပ်ရှင် ဇာတ်ကားတွေရဲ့ အရည်အသွေးတွေလည်း ကျဆင်းခဲ့ရတယ်လို့ ဝါရင့် ရုပ်ရှင် အနုပညာရှင်တွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့တယ်” ဟု ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ (ဦး)ဇင်ဝိုင်းက ပြောသည်။

ဝါဒဖြန့် ဦးစားပေး ဝန်ကြီးဌာန၏ ထိန်းချုပ်မှုများ ဖြေလျော့သည့် အစီအစဉ်အောက် လွတ်လပ်သော ဆုချီးမြှင့်မှုဖြစ် ရန် ရုပ်ရှင်အစည်းအရုံးက တင်ပြလာသည့်အပေါ် ဝန်ကြီးက သဘောတူလက်ခံခဲ့ပြီးလည်း ဖြစ်သည်။ သို့သော်လည်း ရုပ်ရှင် အစည်းအရုံး အနေဖြင့် အဆင်သင့် မဖြစ်သေးသည့်အတွက် ၂ဝ၁၁ နှင့် ၂ဝ၁၂ ခုနှစ် အကယ်ဒမီ ဆုများကို
တော့ ပြန်ကြားရေးကသာ ပေးအပ်သွားဦးမှာ ဖြစ်သည်။

အကယ်ဒမီ ဆုပေးပွဲ ကျင်းပမှုမှာ တနှစ် နောက်ကျနေရာ ၂ဝ၁၃ အတွက် ပေးအပ်သော ဆုကို ၂ဝ၁၄ မှသာလျှင် ချီးမြှင့်နိုင်မည်ဖြစ်သည်။

ရုပ်ရှင် အစည်းအရုံးအနေဖြင့် အကယ်ဒမီဆုအတွက် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲနေဆဲ ဖြစ်ကာ ဘက်လိုက်မှု မရှိဘဲ အရည်အချင်းကိုသာ ကြည့်သော အကဲဖြတ်မှု ဖြစ်အောင် လုပ်မည်ဟု ဆိုသည်။

“ပုဂ္ဂိုလ်ရေး၊ ဘဝ၊ ကာရိုက်တာ၊ နိုင်ငံရေးခံယူချက် စတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားမှာမဟုတ်ဘဲ ကြိုက်တဲ့ (နိုင်ငံရေး) ပါတီဝင်ပါ၊ တကယ်တော်ရင် ဆုချီးမြှင့်မယ်” ဟု ဥက္ကဋ္ဌ က ပြောသည်။

အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့တွင် ဒါရိုက်တာ၊ စက်မှုပညာရှင်၊ အသံပညာရှင် စသဖြင့် ပါဝင်သော်လည်း သရုပ်ဆောင်များ မပါဝင်ခြင်းအပေါ် “သရုပ်ဆောင်ဆုက ပရိသတ် စိတ်အဝင်စားဆုံးဆုလည်း ဖြစ်တာကြောင့် ဒီလိုဆုများကို သရုပ်ဆောင် ပညာရှင်ကြီးများမပါဘဲ အကဲဖြတ်တာက ကြီးမားတဲ့ လွဲမှားမှု ဖြစ်နေပါတယ်။ အဲဒီအတွက် သရုပ်ဆောင်ပိုင်း ပညာရှင်ကြီးများကို ထည့်သွင်းပေးဖို့ အစည်းအရုံးက တောင်းဆိုခဲ့ပါတယ်” ဟု ဇင်ဝိုင်း က ပြောသည်။

အကယ်ဒမီ ထူးချွန်ဆုရွေးချယ်ရေး အဖွဲ့တွင် ပါဝင်စေလိုသော ဒါရိုက်တာ၊ စက်မှု ၊အသံ၊ ဂီတ၊ ဇာတ်ညွှန်း၊ တည်းဖြတ်တို့မှ သုံးဦးစီဖြင့် ၁၈ ဦးနှင့် သရုပ်ဆောင်ထဲမှ သက်ကြီးအနုပညာရှင် လေးဦးကို ရုပ်ရှင်အစည်းအရုံးက "မြန်မာ့ရုပ်ရှင် လုပ်ငန်း"ကို ပေးပို့ထားကြောင်း သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။