Friday, August 31, 2012

 Black list စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်


Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၃၀ ရက်နေ့တွင်၎င်း၏ ဝက်ဘ်ဆိုက် မှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။
အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ မြန်မာနိုင်ငံသား ၉၃၅ ဦးနှင့် နိုင်ငံခြားသား ၁၁၄၇ဦးတို့ ပါဝင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ဝက်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနက် အမည်ပျက်စာရင်း Black List မှ ပယ်ဖျက်ပေးခဲ့ သူများတွင် ဒေါက်တာစိန်ဝင်း (MPU)၊ ဦးပီတာလင်းပင်(၁၉၉၀ ရွေးကောက်ပွဲ တစ်သီးပုဂ္ဂလ အမတ်အဖြစ် ပြင်ဦးလွင်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ)တို့ အပါအ၀င် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (BLC)၊ ညီညွတ်သော တိုင်းရင်းသားများ လူငယ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း၊ မြန်မာ အမျိုးသမီးများ သမဂ္ဂနှင့် ကရင်အမျိုးသမီး အစည်းအရုံးတို့မှ လူပုဂ္ဂိုလ်များ ပါဝင်ခဲ့ပြီး အနုပညာရှင် အချို့လည်း ပါဝင်ခဲ့သည်။
ထိုသို့ ပယ်ဖျက်လိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ အနက် အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသည့် ၆၁၆၅ ဦးအနက်၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက် ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ရက်နေ့ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။
ယခင်အစိုးရ လက်ထက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ခြင်းအလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်း မီဒီယာသမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်ပျက်စာရင်း Black List သတ်မှတ် ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက် ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ပါသည်။
Black List စာရင်းမှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်းကို အောက်ပါ http://www.president-office.gov.mm/briefing-room/daily-news/news1268 နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။