Friday, August 31, 2012

တရုတ်သို့ ဆန်များ တရားမဝင် စီးဆင်းပြီး ဈေးနှိမ်ခံနေရမှု ညှိနှိုင်းမည်


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် စက်တင်ဘာလ၌ တရုတ်နိုင်ငံကို သွားရောက်ကာ တရားမဝင် ဆန်ဝယ်ယူ နေသည့် ကိစ္စကို တရားဝင် ရောင်းဝယ်မှု ဖြစ်ပေါ်စေရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ကြီးဌာနမှ သတင်းများအရ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော စီးပွားရေးအဖွဲ့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့ ကုန်စည်ပြပွဲကို သွားရောက်စဉ် အတွင်း ယင်းကိစ္စကို ဦးစားပေး ဆွေးနွေးမည်ဟု သိရသည်။
“နယ်စပ်ကုန်သွယ်ရေးတွေမှာ ဆန်စပါးကိစ္စက တရားမဝင် သွားနေတာ တွေ့ရတယ်။ တရုတ်နိုင်ငံထဲကို ဆန်တွေ သွင်းသွားပြီးမှ ရောင်းနေရတာဆိုတော့ တစ်ဖက်က ဈေးနှိမ်ဝယ်တာတွေလည်း ကြုံနေရတယ်။ ဒါတွေကို ဝန်ကြီးက တရားဝင် ရောင်းဝယ်ဖောက်ကားမှု ဖြစ်စေချင်နေတာ။ တိုက်ရိုက်ပဲ စာချုပ်နဲ့ ဝယ်ယူမှု ဖြစ်စေဖို့ လုပ်ပါလိမ့်မယ်။ လောလောဆယ်မှာလည်း တရုတ်က မြန်မာဘက်က ဆန်အဝင်ကို ပိတ်ထားတယ်။ ဒါကိုလည်း ဝန်ကြီးက ဆွေးနွေးမယ်လို့ သိရတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။
စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သော နန်နင်း ကုန်စည်ပြပွဲ ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့က တရုတ်နိုင်ငံမှ ဝယ်လက် (Buyer) နှင့် မြန်မာနိုင်ငံမှ ရောင်းသူ (Seller) တို့ကို တိုက်ရိုက်ချိတ်ဆက်စေရေးနှင့် တရားမဝင်မှု ပပျောက်စေရေးအတွက် သဘော တူညီမှု ပြုလုပ်မည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။