Friday, August 31, 2012

၂၀၃၀ တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဝင်ငွေလက်ရှိထက် သုံးဆ တက်လာမည် ဟုဆို


လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦး ချင်းစီ၏ ဝင်ငွေ လက်ရှိ ထက် သုံးဆ တက်လာနိုင်မည် ဖြစ်ကြောင်း  အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ အရှေ့တောင် အာရှ၊ တောင်အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ အကြီးအကဲ စတီဇင်ဂရောင်၏ အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံတော် အစိုးရသစ်၏ လက်ရှိ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်အတိုင်း ဆက်လက် လျှောက်လှမ်းပါက မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းမှ ရှစ်ခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း ယင်းအစီရင်ခံစာတွင် ADB က ခန့်မှန်းထားသည်။
"တွင်းထွက် သဘာဝသယံဇာတတွေ ကြွယ်ဝပြီး လူငယ်လူရွယ် အင်အားစုတွေ ရှိတာကြောင့် ရေတိုကာလအတွင်း ခိုင်မာတဲ့ စီးပွားရေးတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ကွာဟချက်တွေ ရှိနေပါသေးတယ်။
လူတစ်ဦးချင်းစီရဲ့ ဝင်ငွေနဲ့ အခြေခံ ဝန်ဆောင်မှုတွေဖြစ်တဲ့ ရေ၊ အိမ်ရာ၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့ ဝန်ဆောင်မှုတွေ ရရှိတဲ့ နေရာမှာတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ကွာဟချက်တွေ ကြီးကြီးမားမား ရှိနေပါတယ်” ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် လက်ထောက်စီးပွားရေး ပညာရှင် Cyn Young Park က ၂၁-၈-၂၀၁၂ ရက်က ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်တွင် အစီရင်ခံစာနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးနေခြင်းနှင့် ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်နေခြင်းတို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းများ တိုးမြင့်လာနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာခြင်း၊ ကုန်စည်ရောင်းချရမှု တန်ဖိုးမြင့်တက်လာခြင်း  တို့ကြောင့် ထိုင်းစီးပွားရေး၏ ဆယ်ပုံတစ်ပုံ ပမာဏကို မကြာမီအချိန်တွင်း ရရှိတော့မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။