အာဇာနည်နေ့ဆိုသည်မှာ
တစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်သည့်ပွဲ မဟုတ်ကြောင်း အစိုးရ၀န်ကြီးအဖွဲ့က
ကျင်းပပြုလုပ်သော အာဇာနည်နေ့အခမ်းအနားတွင်
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က မြစ်မခသို့ သီးသန့်
ပြောကြားလိုက်သည်။

“
ဒီအာဇာနည်နေ့ပွဲဆိုတာ သီးခြားတစ်ဦးတစ်ယောက်အဖွဲ့အစည်းတစ်ခုထဲ
အတွက်မဟုတ်ဘူးလေ ၊ နိုင်ငံတော်ရဲ့ ပွဲဖြစ်ပါတယ် ၊ ဒါကြောင့်မို့လို့ လက်ရှိ
နိုင်ငံတော်မှာ ပါတီတွေ အားလုံးရှိနေတယ် ၊ အခုခင်ဗျားတို့ တွေ့မယ်
စုံစုံညီညီပဲ ၊ ပါတီအဖွဲ့တွေ အကုန်လုံးကျနော်ဖိတ်တယ် ၊ လူမှုရေးအဖွဲ့
အကုန်လုံးပါတယ် လူတန်းစားအားလုံး ပါတယ် ၊ အားလုံးစုစုစည်းစည်းနဲ့
ညီညီညွတ်ညွတ်လုပ်တဲ့ပွဲဖြစ်ပါတယ် “ဟု ၀န်ကြီးချုပ်က ပြောကြား ခဲ့သည်။
ဆက်လက်ပြီးဝန်ကြီးချုပ်မှ
အာဇာနည်နေ့ဆိုသည်မှာ နိုင်ငံတော်အတွက် အသက်စွန့်ပြီးကြိုးစား သွားသည့်
ခေါင်းဆောင်ကြီး များ၏အထိမ်းအမှတ်ဖြစ်ကြောင်း ၊
ထိုခေါင်းဆောင်ကြီးများမှနိုင်ငံလွတ်လပ်ရေးအတွက် ကျိုးပန်းခဲ့သည့်
ကိစ္စရပ်များအား နောက်လာနောက်သားများအား တန်ဖိုးသိရှိနားလည်ရန်
တိုင်းတစ်တိုင်းလုံးတွင် အခမ်းအနားများ
ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍
မန္တလေးမြို့တော်ဝန်ဖြစ်သည့် မြို့တော်ဝန်ဦးအောင်မောင်းအား
အာဇာနည်နေ့နှင့် ပတ်သတ်၍ မြစ်မခမှတွေ့ ဆုံမေးမြန်းခဲ့ရာ မြို့တော်ဝန်
ဦးအောင်မောင်းမှ လူငယ်မျိုးဆက်များ အနေဖြင့် တိုင်းပြည်အတွက် မှန်ကန်သော
ဒီမိုကရေစီလမ်းကြောင်းများဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးနှင့်
အခွင့်အလမ်းများအတွက် အာဇာနည်များ၏ စိတ်ဓါတ်များကို
အတုယူကြိုးစားကြရန်ပြောကြားခဲ့သည်။
မန္တလေးမြို့တော်ခန်းမတွင်ကျင်းပသော
အာဇာနည်နေ့ဆွမ်းသွပ်အမျှတန်းဝေသည့်အခမ်းအနားသို့ တိုင်းဒေသ ကြီးမှ
အစိုးရအဖွဲ့ဝင်များ နိုင်ငံရေးပါတီများ လူမှုရေးအဖွဲ့အစည်းများ
တက်ရောက်ခဲ့ကြ သည်ကို တွေ့ရှိရပြီး အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
တက်ရောက်လာခြင်းမရှိသည်ကိုလည်းတွေ့ရှိ ရသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍
မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ
ဦးမျိုးနိုင်အားမြစ်မခမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့်
ဖိတ်စာလက်ခံရရှိချိန်မှာအချိန်နည်းပါးနေ၍ တက်ရောက်ရန်
မစီစဉ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းကိုယခုလိုပြောကြားခဲ့သည်။
“ကျွန်နော်တို့ဆီကို (၁၈)ရက်နေ့ မနက်(၁၀)နာရီက ဖိတ်စာရောက်တယ် ၊ အဲဒီမှာမတ္တရာမှာ ဆိုင်းဘုတ်တင်ပွဲကို ကျနော်တို့ ဥက္ကဌကသွားနေတယ် ၊ဥက္ကဌအပါဝင်ကိုးဦးလို့
ဖိတ်ပါတယ် ၊ ညနေမှ ပြန်ရောက်တယ် ၊ ဖိတ်စာလဲညနေမှရတယ် ၊ ပြီးတော့
ကျနော်တို့ကလဲ မနက်အစောကြီးကတည်းက အာရုံဆွမ်းကပ်တယ်၊ အခမ်းအနားလဲ
ခုမှပြီးတယ် ၊ အမှန်က ကျနော်တို့ သက်သက်ခွဲပြီးသွားဖို့ဟာဘယ်လိုမှ
မစီစဉ်လိုက်နိုင်တာပါ ၊ အခြားဘာမှမရှိပါဘူး “ဟုမန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူဦးမျိုးနိုင်က
ပြန်လည်ဖြေကြားခဲ့သည်။
ထိုကဲ့သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံတော်အခမ်းအနားသို့
တက်ရောက်လာနိုင်ခြင်း မရှိသည့်အပေါ် မန္တလေးအခြေစိုက် သတင်းသမားတစ်ဦးက
ယခုလိုသုံးသပ်ပြောဆိုခဲ့သည်။
“အံသြဖို့တော့
ကောင်းတယ် ၊ ပါတီတွေအားလုံးစည်းစည်းလုံးလုံးတွေ့နေရတဲ့အချိန်မှာ ၊
အဖွဲ့ချုပ်အနေနဲ့ ခုလိုမျိုးပွဲမှာ မတွေ့ရဘူးဆိုတော့ တသီးတခြားကြီး
သီးသန့်နေနေ သလိုမျိုးကြီးဖြစ်နေတာပေါ့ ၊ အမှန်က ပျော့ပြောင်းမှုရှိပြီး
အားလုံးနဲ့ တစ်သားတည်းရှိသင့်တယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
မန္တလေးမြို့တော်စည်ပင်တွင်ကျင်းပသော
အာဇာနည်နေ့အခမ်းအနားတွင် မြို့တော်ခန်းမမှ ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့်
ဥသြဆွဲခြင်းအစီအစဉ်တစ်ခုလည်း ပါဝင်ခဲ့ပြီး မန္တလေးတစ်မြို့လုံး တွင်
အဖွဲ့အစည်းအသီးသီးမှပုံသဏ္ဍာန်အမျိုးမျိုးဖြင့်
အာဇာနည်နေ့အောက်မေ့ဖွယ်အခမ်းအနားများကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း
သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။