Friday, July 20, 2012

ယခုနှစ်တွင် အာဇာနည်ဗိမ္မာန်သို့ ပြည်သူအများအပြားလာရောက် ဂါရ၀ပြုခွင့်ရ

 ယနေ့ဇူလိုင်လ (၁၉) ရက်နေ့ (၆၅) နှစ်မြောက်အာဇာနည်နေ့အခမ်းနားတွင် အာဇာနည်ခေါင်းဆောင် ကြီးများအား လာရောက် ဂါရ၀ပြုသူများမှာ  ယခင်နှစ်များကထက် ပိုမိုများပြား၍ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသိုင်းအ၀ိုင်းက တာဝန်ရှိသူများ ပြည်သူအများအပြားလာရောက် ဂါရ၀ပြုခဲ့ကြောင်း တွေ့ရှိ ရသည်။



အာဇာနည်နေ့အခမ်းနားသို့ တက်ရောက် ဂါရ၀ပြုခဲ့သောနိုင်ငံရေးပါတီများမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလူငယ်အစည်းအရုံး၊ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၊Generation Wave၊ ကျောင်းသားသမဂ္ဂမှကျောင်းသားများနှင့် အနုပညာရှင် များအပါအ၀င် ပြည်သူအမြောက်အများ တက်ရောက်ခဲ့ကြသည်။



နိုင်ငံရေးပါတီများမှာ ယခင်နှစ်များက  တက်ရောက်ခွင့် မရပဲ ယခုနှစ်တွင် နိုင်ငံရေးပါတီများအား ဖိတ်ကြားခံရ၍  တက်ရောက်ခွင့်ရရှိခဲ့ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက သိရသည်။



“လွတ်လပ်ရေးကို အသက်ပေး ကြိုးပမ်းသွားတဲ့ ဗိုလ်ချုပ်အပါဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်ပေးသွားတဲ့သူတွေကို ကျွန်တော်တို့ တ.စ.ည ပါတီက လာရောက်ဂါရ၀ပြုရုံတင် မဟုတ်ဘူး သူတို့ရဲ့ဂူဗိမာန်တွေရှေ့မှာလည်း အလေးပြုမှာပါ”ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်အောင်လှိုင်ကပြောသည်။



ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းမပေါ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရန်စောင့် ဆိုင်းနေကြသူများ ယခင်နှစ်ထက် ပိုမိုများပြားပြီး ပြည်သူနှင့်နိုင်ငံရေးပါတီများက အလေးပြုရန် နေ့လည် (၁၁း၃၀)အချိန်တွင် ဂိတ်ပေါက်တံခါး ဖွင့်ပေးရာ၌ လာရောက်သူများမှာ များပြားလွန်းသဖြင့်  ပြည်သူများထဲတွင် မူးလဲသူများလည်း ရှိကြောင်း လာရောက်သူများထံက သိရှိရသည်။



နံနက် (၇) နာရီတွင် အာဇာနည်ဗိမာန် စတင်ဖွင့်လှစ်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ နံနက် (၈) နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ကြီးများ သံရုံးမှတာဝန်ရှိသူများလည်း  လာရောက် ဂါရ၀ပြုကာ အလေးပြုခဲ့ကြောင်း သိရှိရသည်။





“နိုင်ငံရဲ့ခေါင်းဆောင်ဆိုတာ ကမ္ဘာမှာလဲ အများကြီးကျော်ကြားတဲ့သူ ဒို့နိုင်ငံမှာလည်း ဒီလိုမျိုးချစ် စိတ်ရှိတဲ့သူတယောက်ကို ဒီနေ့ဒီရက်မှာ လာရောက် အလေးပြုရမယ် ဒါလုပ်ရမယ် နောင်လာ နောက်သားတွေလည်း လုပ်ရမယ်၊ နောက်မျိုးဆက်သစ် လူငယ်တွေကလဲ ဒါတွေကို လက်ဆင့်ကမ်း သယ်ဆောင်သွားရမယ်”ဟု တောင်ဥက္ကလာပမြို့နယ်က လာရောက်အလေးပြုသူ ဦးတင်ထွန်းက ပြောသည်။



အာဇာနည်ခေါင်းဆောင်များ မရှိပဲ လွတ်လပ်ရေးမရှိနိုင်ကြောင်း မြန်မာနိုင်ငံမရှိနိုင်ကြောင်း လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည့် အာဇာနည်ခေါင်းဆောင်များအား ရင်ထဲအသည်းထဲတွင် အမြဲအမှတ်နေရန်လိုကြောင်း (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးကပြောသည်။



“ဒီလိုအလေးပြုခွင့်မရခဲ့တာ နှစ်နှစ်ဆယ်ကျော်ပြီလေ ၂၀၀၅ ၊ ၂၀၀၆ မှာ တခါကြိုးစားကြည့်ဖူးတယ် ဒါပေမယ့် အောက်ကနေပဲ လှည့်ပြန်သွားခဲ့ရတယ်၊ အခုတော့ လူအင်အားနဲ့ စနစ်တကျ ခေါင်းဆောင် ကြီးတွေ ဂါရ၀ပြုခွင့်ရမယ်ဆိုရင် အင်မတန်ဝမ်းသာပါတယ် အာဇာနည်စိတ်ဓာတ်ဟာလဲ တစ်နိုင်ငံ လုံးကို ပျံ့နှံ့နေဖို့ အရေးကြီပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကပြောသည်။



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ကျောင်းသားသမဂ္ဂကျောင်းသားများနှင့် အနုပညာရှင်များ ကလည်း ညနေ ၃ နာရီအချိန်တွင် အာဇာနည်ခေါင်းဆောင်များအား လာရောက်ဂါရ၀ပြုခဲ့ခြင်း ဖြစ်သည်။



“အာဇာနည်ခေါင်းဆောင်ကြီးကို လာရောက်လေးပြုရတဲ့အတွက် အရမ်းလည်း ၀မ်းသာပါတယ် ဒီလို မျိုးနေရာကို လာခဲ့ချင်တာကြာပါပြီ၊ ပထမဆုံးဖြစ်တဲ့အတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ် ” ဟု အဆိုတော် ကဗျာဘွဲ့မှူးက ပြောသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။