Friday, July 20, 2012

 မကွေးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံကို အာဇာနည်နေ့က ပိတ်ထားခဲ့သော်လည်း နိုင်ငံရေးနှင့် လူမှုရေး အသင်းအဖွဲ့များက ပန်းခြံအပြင်မှ အရိုအသေပေး အလေးပြုခဲ့ကြောင်း သိရ




မကွေးတိုင်းဒေသကြီး NLD အဖွဲ့မှ အာဇာနည်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံသို့ ချီတက်လမ်းလျှောက်ခွင့်နှင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အလေးပြုခွင့်ကို ကြိုတင်တောင်းဆိုခဲ့သော်လည်း မရရှိခဲ့သောကြောင့် အသင်းဝင်များ၏ ဆန္ဒသဘောဖြင့် အယောက် ၂၀ ကျော်ခန့် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။


“ကျွန်တော်တို့က ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့တွေ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အာဇာနည်နေ့ အခမ်းအနားအတွက် ခွင့်ပြုမှုတောင်းခံပေမယ့် မရခဲ့ပါဘူး။ ပန်းခြံထဲကို ၀င်ဖို့ကိစ္စမှာလည်း စည်ပင်ရုံးနဲ့ ဆိုင်တာကြောင့် စည်ပင်ရုံးကို ပြောပါဆိုလို့ စည်ပင်ရုံးကို တင်ပြခဲ့ပေမယ့် သူတို့ကလည်း အုပ်ချုပ်ရေးပိုင်းကို ပြောပါလို့ ပြန်ပြောခဲ့ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၁၈ ရက်နေ့ တစ်နေ့လုံးတွေ့ဖို့ ကြိုးစားပေမယ့် မတွေ့ရလို့ အာဇာနည်နေ့မှာ ရုံးကနေပန်းခြံအထိ အသင်းဝင်တွေရဲ့ ဆန္ဒအတိုင်း စီတန်းလမ်းလျှောက်ပြီး ပန်းခြံရှေ့အပြင်ဘက်ကနေဘဲ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ကြပါတယ်” ဟု မကွေးတိုင်းဒေသကြီး NLD ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို NLD ရုံးမှ အသင်းဝင်များ အယောက် ၂၀၀ ကျော်ခန့်မှာ အာဇာနည်နေ့ နံနက် ၇ နာရီအချိန်က NLD ရုံးမှ မဲထီးလမ်းနှင့် ဗိုလ်ချုပ်လမ်းအတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံ၏ တောင်ဘက် ၀င်ပေါက်ရှေ့မှ အလေးပြု အရိုအသေပေးခဲ့ ကြကြောင်း၊ ထိုအချိန်တွင် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၀န်ထမ်းများမှာ ပန်းခြံအတွင်း၌ သန့်ရှင်းရေး ပြုလုပ်နေကြောင်း၊ ပန်းခြံအ၀င်အထွက် တံခါးများ၏ရှေ့တွင် အမှိုက်ကားများ ပိတ်၍ ရပ်ထားခဲ့ကြောင်း၊ မကွေးမြို့ ပွင့်လင်း လူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့ဝင်များကလည်း နံနက် ၈ နာရီအချိန်တွင် ထိုတောင်ဘက် ၀င်ပေါက်ရှေ့မှပင် အလေးပြု၍ အာဇာနည်ခေါင်းဆောင်ကြီးများအား ရှိခိုးဦးချခဲ့ကြောင်း သိရသည်။
“အရင်ကတော့ ပန်းခြံဖွင့်ချိန်ဟာ နံနက် ၆ နာရီကနေ ညနေ ၆ နာရီလို့ သိခဲ့ရပါတယ်။ ဒီနေ့လိုနေ့မျိုးဟာ ပန်းခြံကို အစောကြီး တောင်ဖွင့်ထားသင့်တယ်လို့ ထင်ပါတယ်။ ပိတ်ထာတာက သန့်ရှင်းရေးလုပ်နေလို့ဆိုတော့ သန့်ရှင်းရေးက တစ်နှစ်ပတ်လုံးမှာ ဒီတစ်ရက် ဘဲလုပ်လို့ရတာလား မေးစရာဖြစ်နေပါတယ်။ အခုနှစ်မှာ စီတန်းလမ်းလျှောက်ပြီး ပန်းခြံရှေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေး ပြုခဲ့တာလည်း ပြည်သူတွေအနေနဲ့ သတိတရရှိနေစေလို့ပါ၊ အရင်နှစ်တွေကဒီလို ပန်းခြံရှေ့မှာ အလေးပြုခွင့်မရခဲ့ပေမယ့် စိတ်ထဲကနေ အလေးပြုနေခဲ့သူတွေ ရှိခဲ့မှာပါ။ စီတန်းလမ်းလျှောက်တာရော အလေးပြုတဲ့နေရာမှာရော ရဲတွေ၊ ယာဉ်ထိန်းရဲတွေ လမ်းဆုံတိုင်းမှာ စောင့်ရှောက်ပေးပြီး အဆင်ပြေခဲ့ပါတယ်။ ပန်းခြံကိုပိတ်ထားတာကတော့ စိတ်မကောင်းစရာပါ” ဟု စီတန်းလမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။
“ကျွန်တော်က အာဇာနည်နေ့မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ကို လိုက်ပို့မယ်ဆိုပြီး မိန်းမနဲ့ ကလေးနှစ်ယောက်ကိုပါခေါ်ပြီး မင်းဘူးကနေ လာခဲ့တာပါ။ အလုပ်ကိစ္စကိုတောင် သူများနဲ့ထားခဲ့ပြီး လာခဲ့ပေမယ့် ဒီရောက်တော့ ပန်းခြံပိတ်ထားတာတွေ့လို့ စိတ်မကောင်းဖြစ်မိပါတယ်၊ ဒီလိုနေ့မှာတော့ ဖွင့်ပေးထားသင့်ပါတယ်” ဟု မင်းဘူးမြို့မှ လာရောက်သူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် အခြားဌာနဆိုင်ရာများမှ အာဇာနည်နေ့ အထိမ်းအမှတ်အတွက် မကွေးမြို့၊ မြို့ပတ်လမ်းရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ဆွမ်းကပ်ခဲ့ကြောင်း၊ မကွေးမြို့ အ-ထ-က (၁) ကျောင်းတွင်လည်း အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း မကွေးတိုင်းဒေသကြီး NLD ပါတီမှလည်း တောင်တွင်းကြီးလမ်းရှိ သံဃာရာမ ကျောင်းတိုက်တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


1
NLD ပါတီဝင်များ စီတန်းလှည့်လည်ပြီး ပန်းခြံရှေ့တွင် အလေးပြုနေစဉ်။


2
NLD ပါတီဝင်များ စီတန်းလှည့်လည်ပြီး ပန်းခြံရှေ့တွင် အလေးပြုနေစဉ်။

3
NLD ပါတီဝင်များ စီတန်းလှည့်လည်ပြီး ပန်းခြံရှေ့တွင် အလေးပြုနေစဉ်။

7
NLD ပါတီဝင်များ စီတန်းလှည့်လည်စဉ်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။