Friday, July 20, 2012

နှစ်ကုန်ပိုင်းတွင် အသေးစား/အလတ်စားလုပ်ငန်းများအား ငွေချေးပေးနိုင်ရန် စီစဉ်နေ

ပြည်တွင်းအသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ချေးငွေဆိုင်ရာအကူအညီများကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း   ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI)က သိရှိရသည်။



မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် ချေးငွေ အကူအညီပေးရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရှိရသည်။

“ချေးငွေအပါအ၀င်ဘက်ပေါင်းစုံကကူညီပေးဖို့ စီစဉ်ဆောင်ရွက်နေတုန်းပါ။ အားလုံးပြည့်ပြည့်စုံစုံနဲ့စနစ်တကျ လေးဖြစ်အောင် စီစဉ်ဖို့ အချိန်တစ်ခုလိုပါတယ်။ အဲဒါလေးပြီးရင် အကုန်လုံးလုပ်ပေးမှာပါ။” ဟု UMFCCI  ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။

ဂျပန်နိုင်ငံတွင်လည်း အသေးစားနှင့်အလတ်စားလုပ်ငန်းများမှာ အားထားရသောလုပ်ငန်းများ ဖြစ်သည့်အလျောက် မိမိတို့ နိုင်ငံ တွင်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

   “ဒီကိစ္စတွေက အန်ကယ်တို့တစ်ယောက်ထဲ ဆောင်ရွက်လို့မရပါဘူး။ နိုင်ငံတော်က ပူးပေါင်းပြီးဆောင်ရွက် နိုင်ဖို့လိုပါတယ်။ UN-ESCAP (အာရှပိစိဖိတ်လူမှုစီးပွားဖွံ့ဖြိုးရေးကော်မရှင်)ကလည်း နည်းပညာပိုင်းဆိုင်ရာ တွေကို ကူညီပေးပါတယ်။” ဟု ဥက္ကဌ ဦးဝင်းအောင်က ဆက်ပြောသည်။

မြန်မာနိုင်ငံရှိစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကလည်း စက်မှုဝန်ကြီးဌာန လက်အောက်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းစင်တာကို ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရှိရသည်။

  မြန်မာနိုင်ငံကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင်လည်းအသေးစားနှင့်အလတ်စားလုပ်ငန်းစင်တာဖွဲ့မည်ဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ အသေးစားနှင့် အလတ်စားအင်ကျူဗင်းရှင်းစင်တာကို ဆက်လက် ဖွဲ့စည်းမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိတွင် အားနည်းနေသည့် လုပ်ငန်းများအား ပြုစုပျိုးထောင်ရန် လိုအပ်နေသည့်အတွက် အချို့လုပ်ငန်း များသည် အသေးစားလုပ်ငန်းလုပ်မည့်အစား လုပ်ငန်းကြီးများအနေဖြင့် ပြုပြင်ပြောင်းလဲ လုပ်ကိုင်သင့်ကြောင်း အဆိုပါ လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်းကိုလည်း UMFCCI ဥက္ကဌ ကြီးက အကြံပြုသည်။

  မြန်မာနိုင်ငံကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေနှင့် အသေးစားနှင့် အလတ်စားဖွံ့ဖြိုး တိုးတက်စေ ရန်   ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် အခြားအကူညီများအပြင် အလယ်အလတ်အဆင့် အုပ်ချုပ်မှု အဆင့် စွမ်းဆောင်ရည်မြင့်တင်မှု သင်တန်းများကိုပါ သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

“ကျွန်တော်တို့လို အသေးစား တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို ကူညီဖို့အစီစဉ်ရှိတယ်ဆိုတာ သိရတော့ အားရှိတာပေါ့ ဒါမှမဟုတ်ရင် နိုင်ငံကြားရင်းနှီးမြှပ်နှံမှုတွေဝင်လာရင် လုပ်ငန်းတွေ ဆက်ပြီးမလုပ်နိုင်မှာ စိုးရိမ်နေတာ အခုလို အစီစဉ်ရှိတယ်ဆိုတော့ ရပ်တည်မှုအတွက် မျှော်လင့်နိုင်တာပေါ့”ဟု အိမ်တွင်းကော်စက်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် ကိုဘိုကျော်က ပြောသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။